Huawei ရဲ့ အမှတ်တံဆိပ်အခွဲ တခုဖြစ်တဲ့ Honor ဟာ Note 10 စမတ်ဖုန်းအသစ်ကို တရုတ်နိုင်ငံမှာ ယနေ့၊ သြဂုတ်လ ၁ ရက်နေ့မှာ မိတ်ဆက်သွားပြီ ဖြစ်ပါတယ်။
Honor Note 10 ဟာ ၇ လက်မနီးပါးရှိတဲ့ Display ကို အသုံးပြုထားပြီး Honor စီးရီးမှာ Display အကြီးဆုံးဖုန်း အဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပါတယ်။ Display မှာ မြန်မာလို “ထိပ်ကွက်” ဆိုပြီး ခေါ်နေကြတဲ့ Notch ဒီဇိုင်းကို အသုံးမပြုထားတာ တွေ့ရပါတယ်။
Honor Note 10 ဟာ Honor စီးရီးဖုန်းတွေ ထုံးစံအတိုင်း အသုံးပြုသူတွေ ရင်ခုန်လောက်မယ့် Specifications တွေနဲ့ ထွက်ရှိလာတာပါ။ နည်းပညာအသစ်တွေဖြစ်တဲ့ GPU Turbo ၊ The Nine ဖုန်းအပူ စွန့်ထုတ်မှု နည်းပညာ၊ Dolby အသံစနစ်ပါဝင်တဲ့ စတီရီယို စပီကာနှစ်လုံး စတဲ့ လူကြိုက်များမယ့် Features တွေလည်း ပါဝင်လာပါတယ်။
“The Nine” လို့ အမည်ပေးထားတဲ့ အပူစွန့်ထုတ်မှု နည်းပညာအသစ်မှာ PC အဆင့် အအေးခံ ပိုက်လိုင်း တချောင်း ပါဝင်မှာဖြစ်ပြီး အသုံးပြုမှုမြင့်တက်နေတဲ့အချိန်မှာ ဖုန်းအပူချိန်ကို ၁၀ ဒီဂရီ စင်တီဂရိတ် အထိ လျော့ချပေးနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
အသေးစိတ် အချက်အလက်တွေအနေနဲ့ ၆.၉၅ လက်မအရွယ် FullHD+ AMOLED Display နဲ့ 18.5:9 Aspect Ratio ၊ Huawei P20 Pro တို့မှာ အသုံးပြုခဲ့တဲ့ Kirin 970 SoC ၊ 6GB ဒါမှမဟုတ် 8GB RAM နဲ့ 64GB ဒါမှမဟုတ် 128GB တို့ကို အသုံးပြုထားပါတယ်။
ကင်မရာမှာတော့ AI နည်းပညာပါဝင်တဲ့ 24-megapixel+16-megapixel ကျောကင်မရာ နှစ်လုံးတွဲကို အသုံးပြုထားပါတယ်။ ရှေ့ကင်မရာကတော့ 13-megapixel sensor တခုတည်း ဖြစ်ပြီး၊ AI Modes နဲ့ Face Unlock လုပ်ဆောင်ချက်တို့ ပါဝင်မှာပါ။
Honor Note 10 မှာ 3.5mm နားကြပ်ပေါက်တော့ ပါဝင်လာမှာ မဟုတ်ဘဲ၊ USB Type-C ကနေ ဒါမှမဟုတ် Bluetooth ကနေပဲ နားကြပ်အသုံးပြုရမှာပါ။ 3.5mm နားကြပ်ခေါင်းကို USB Type-C ပြောင်းပေးတဲ့ Adapter တော့ ဖုန်းဝယ်ရင် တခါတည်း ထည့်ပေးသွားမှာ ဖြစ်ပါတယ်။
Android 8.1 Oreo အခြေခံ EMUI 8.2 နဲ့ စတင်ထွက်ရှိလာမှာဖြစ်ပြီး၊ Display ကြီးကြီး အသုံးပြုထားတာ ကြောင့် ဘက်ထရီ အနေနဲ့လည်း 5,000mAh ဘက်ထရီအထိ သုံးပေးထားပါတယ်။ Super Charge ဆိုတဲ့ အားအမြန်သွင်း စနစ်လည်း အသုံးပြုနိုင်မှာပါ။
Honor Note 10 ရဲ့ ဈေးနှုန်းတွေကတော့ 6GB+64GB မော်ဒယ်ကို အမေရိကန် ဒေါ်လာ ၄၀၉ ဒေါ်လာခန့်၊ 6GB+128GB မော်ဒယ်ကို ၄၆၈ ဒေါ်လာခန့်နဲ့ ရောင်းချသွားမှာဖြစ်ပါတယ်။ ဒီထက်မြင့်တဲ့ 8GB+28GB မော်ဒယ်ကိုတော့ ၅၂၇ ဒေါ်လာနဲ့ ရောင်းချသွားမှာပါ။
Midnight Black ၊Phantom Blue နဲ့ Lilly White ဆိုပြီး အရောင် ၃ မျိုး ရွေးချယ်နိုင်မှာဖြစ်ကာ သြဂုတ်လ ၃ ရက်နေ့စတင်ပြီး တရုတ်နိုင်ငံအတွင်းက အွန်လိုင်းအရောင်းဆိုဒ်တွေမှာ ဝယ်ယူ ရရှိနိုင်မှာ ဖြစ်ပါတယ်။
Ref: Gadgets NDTV, GSM Arena