IT

အကောင်းဆုံး ဖြစ်လာမယ့် Android Galaxy Tab S4 တက်ဘလက်ကို Samsung မိတ်ဆက်

Want create site? Find Free WordPress Themes and plugins.

Samsung ရဲ့ Galaxy Tab S စီးရီးဟာ အကောင်းဆုံး Android တက်ဘလက် စာရင်းတိုင်းလိုလိုမှာ မပါမဖြစ် ပါနေကျ တက်ဘလက် မော်ဒယ်တွေ ဖြစ်ပါတယ်။ ယနေ့မှာတော့ Samsung ဟာ Galaxy Tab S စီးရီးရဲ့ မော်ဒယ်အသစ်ဖြစ်တဲ့ Galaxy Tab S4 ကို Manhattan မှာ ပြုလုပ်ခဲ့တဲ့ စာနယ်ဇင်း ရှင်းလင်းပွဲမှာ တရားဝင် မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။

Galaxy Tab S4 ဟာ “ဖျော်ဖြေမှုအပိုင်းနဲ့ Multitasking” တို့ကို ကောင်းကောင်း အသုံးပြုနိုင်ဖို့ အဓိကရည်ရွယ် ထုတ်လုပ်ထားတဲ့ တက်ဘလက်တလုံး ဖြစ်ပါတယ်။

 

 

Galaxy Tab S4 မှာ ၁၀.၅ လက်မအရွယ် Super AMOLED (2560×1600 pixels) Display ကို အသုံးပြုထားပြီး၊ 16:10 Aspect Ratio နဲ့ ဖြစ်ပါတယ်။ Samsung ဟာ Tab S4 မှာ ဘေးဘောင်တွေကို တော်တော်လေး လျော့ချ ထားပြီး၊ ကိုယ်ထည်အပြည့် Display အရသာကို အတတ်နိုင်ဆုံး ပေးစွမ်းထားတာ တွေ့ရပါတယ်။

Display အပြည့်ဖြစ်သွားတာနဲ့ အညီ Home ခလုတ် ပါဝင်လာတော့မှာမဟုတ်ဘဲ၊ လုံခြုံရေးအတွက် Iris နဲ့ Face Scanning နည်းပညာတွေကို အသုံးပြုနိုင်မှာပါ။

၂၀၁၇ လောက်က Flagship ဖုန်းတိုင်းလိုလိုမှာ အသုံးပြုထားတဲ့ Snapdragon 835 SoC ကို Tab S4 မှာ အသုံးပြုပေးထားပြီး၊ 4GB RAM နဲ့ ထွက်ရှိလာမှာပါ။ Galaxy Tab S4 ကို Storage မော်ဒယ် နှစ်မျိုး ထုတ်သွားမှာဖြစ်ပြီး၊ 64GB မော်ဒယ်ကို ၆၅၀ ဒေါ်လာနဲ့ 256GB မော်ဒယ်ကို ၇၅၀ ဒေါ်လာ ပေးရမှာ ဖြစ်ပါတယ်။ iPad Pro လို Apple Pencil ကို သက်သက်ဝယ်စရာမလိုဘဲ S Pen ကိုလည်း တခါတည်း ထည့်ပေးသွားမှာပါ။

 

 

Samsung ဟာ Tab S4 မှာ အသံပိုင်းဆိုင်ရာကိုလည်း အလေးပေးထုတ်ထားပြီး၊ AKU က အသံချိန်ညှိ ပေးထားတဲ့ စပီကာ ၄ လုံးအထိ ပါဝင်မှာဖြစ်ပါတယ်။ Tab S4 ရဲ့ Display ဟာ လက်ပ်တော့ တလုံးစာလောက် ရှိတဲ့အတွက် ဘက်ထရီကို 7,300mAh အထိ သုံးပေးထားတာ တွေ့ရပါတယ်။ ဗီဒီယိုဆက်တိုက်ကြည့်မယ်ဆိုရင်တောင် ၁၆ နာရီလောက်အထိ အသုံးခံမှာ ဖြစ်တယ်လို့ Samsung က ညွှန်းထားပါတယ်။

Galaxy S စီးရီးဖုန်းတွေကို Desktop ကွန်ပျူတာတလုံးလို အသုံးပြုနိုင်တဲ့ Dex နည်းပညာကိုလည်း Galaxy Tab S4 မှာ တခါတည်း ထည့်သွင်းပေးထားပြီး၊ Desktop Mode (Dex) ကို Samsung ကနေ သက်သက်ရောင်းမယ့် ဒေါ်လာ ၁၅၀ တန် ကီးဘုတ်အသစ်မှာ တပ်ဆင်ကာ၊ Bluetooth မောက်စ်နဲ့ ချိတ်ဆက်ပြီး Tab S4 ကို ကွန်ပျူတာတလုံးအသွင် အသုံးပြုနိုင်မှာလည်း ဖြစ်ပါတယ်။ Dex မှာ Windows အခု ၂၀ လောက်အထိ တပြိုင်နက်တည်း ဖွင့်သုံးနိုင်မှာဖြစ်တယ်လို့ Samsung က ပြောကြားထားပါတယ်။

 

 

Samsung ကီးဘုတ်အသစ်ဟာ အရွယ်အစားသေးသေးနဲ့ အဆင်ပြေပြေ စာရိုက် အသုံးပြုနိုင်ဖို့ အတွက် ထုတ်လုပ်ထားတဲ့ ကီးဘုတ်ဖြစ်ပြီး၊ Tab S4 စခရင်မှာ သံလိုက်အားနဲ့ ပင်နဲ့ တပ်ဆင် အသုံးပြုရမှာပါ။

Tab S4 ကို Android 8.1 Oreo စနစ်နဲ့ စတင်အသုံးပြုနိုင်မှာဖြစ်ပြီး၊ ကျောကင်မရာနဲ့ ရှေ့ကင်မရာ တို့ကို 13-megapixel sensor တလုံးစီ တပ်ဆင်ပေးထားပါတယ်။ USB-C Port ၊ Headphone Jack ၊ microSD Slot နဲ့ ကီးဘုတ်ချိတ်ဖို့ Pin Connector တို့ ပါဝင်မှာ ဖြစ်ပါတယ်။

Display မှာ S Pen နဲ့ ပုံဆွဲ၊ ဒီဇိုင်းဆွဲတာတွေ စာရေးတာတွေ အသုံးပြုနိုင်မှာဖြစ်သလို၊ S Pen ရဲ့ အမိုက်စား လုပ်ဆောင်ချက်တွေဖြစ်တဲ့ Screen ပိတ်ထားရင်းနဲ့တောင် မှတ်စုရေးမှတ်နိုင်တဲ့ Screen Off Memo ၊ Live Messages ၊ Air Command နဲ့ စာသားတွေကို ချက်ချင်းဘာသာပြန်ပေးနိုင်တဲ့ Features တွေလည်း ပါဝင်ဦးမှာဖြစ်ပါတယ်။

 

 

Samsung Galaxy Tab S4 ကို ယနေ့ပဲ ကြိုတင်အော်ဒါ မှာယူနိုင်ပြီဖြစ်ပြီး၊ Galaxy Note 9 မိတ်ဆက်ပြီး နောက်တရက် သြဂုတ်လ ၁၀ ရက်နေ့မှာ စတင်တင်ပို့ရောင်းချသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ယခုမိတ်ဆက်သွားတဲ့ မော်ဒယ်ကတော့ Wi-Fi မော်ဒယ်သက်သက်ဖြစ်ပြီး၊ 4G LTE အသုံးပြုနိုင်တဲ့ Tab S4 မော်ဒယ်အသစ်ကိုလည်း ယခုနှစ်နှောင်းပိုင်းအတွင်း ထပ်မံမိတ်ဆက်ဖို့ ရှိတယ်လို့ သိရပါတယ်။

Ref: The Verge, Mac Rumors, New Atlas

Did you find apk for android? You can find new Free Android Games and apps.
Loading