Xiaomi ဟာ Mi 8 Explorer Edition ကို မိတ်ဆက်သွားတုန်းက အားလုံး စိတ်ဝင်စားခဲ့တဲ့အချက်က တခြားဖုန်းတွေနဲ့ မတူ တမူထူးခြားတဲ့ ဖုန်းကျောဘက်ဒီဇိုင်း ဖြစ်ပါတယ်။
Snapdragon Processor အပါအဝင် ဖုန်းတွင်းက ဆားကစ်တွေကို ဖောက်ထွင်းမြင်ရတဲ့ မှန်သားကျောဘက် ကြောင့် Mi 8 EE ဖုန်းကို အားလုံး သဘောကျခဲ့တာပါ။
ဒါပေမယ့် ယခုထွက်ပေါ်လာတဲ့ Teardown ဗီဒီယိုတခုအရ Mi 8 Explorer Edition ထဲက ဖောက်ထွင်းမြင် နေရတဲ့ ဖုန်းတွင်းဆားကစ် အစိတ်အပိုင်းတွေဟာ တကယ့်အစစ် မဟုတ်ဘဲ အလှသက်သက်သာ ဖြစ်တယ်လို့ သိရပါတယ်။ စတစ်ကာ ကပ်ထားတာမျိုးတော့ မဟုတ်ဘဲ အလှတပ်ထားတဲ့ မားသားဘုတ် တခုသာ ဖြစ်တယ်လို့ ဆိုလိုတာပါ။
YouTube Channel တခုဖြစ်တဲ့ iFeng Tech ကနေ Xiaomi Mi 8 Explorer Edition ကို တစစီ ဖြုတ်ကြည့်ခဲ့ရာမှာ ဖန်သားကျောကိုယ်ထည်အောက်က ဖောက်ထွင်းမြင်နေရတဲ့ ဖုန်းတွင်း အစိတ်အပိုင်းတွေဟာ စတစ်ကာ မဟုတ်ဘဲ တကယ့်အစိတ်အပိုင်းတွေ ဖြစ်နေတာကို တွေ့ရှိခဲ့ရပါတယ်။
Resistors တွေနဲ့ Capacitors အစစ်တွေပါဝင်တဲ့ မားသားဘုတ်ကို တပ်ဆင်အသုံးပြုထားပေမယ့် အလှသက် သက်သာဖြစ်ပြီး၊ တကယ်ဖုန်းကို အလုပ်လုပ်ပေးတဲ့ မားသားဘုတ်အစစ်ကိုတော့ အလှဆင်မားသားဘုတ် အောက်မှာ ဝက်အူနဲ့ စုပ်ပြီး တပ်ထားတာ ဖြစ်ပါတယ်။ အောက်ပါ ပုံအတိုင်း ဖြစ်ပါတယ်။
ဒါကြောင့် Xiaomi ပြောခဲ့သလိုပဲ အစိတ်အပိုင်းအစစ်တွေတော့ ဖြစ်ပေမယ့်၊ တကယ်အလုပ်လုပ်တဲ့ အစိတ်အပိုင်းတွေတော့ မဟုတ်ပါဘူး သေချာကြည့်မယ်ဆိုရင် အစိတ်အပိုင်းတခုနဲ့ တခုဟာ အီလက်ထရောနစ် နည်းအရ ချိတ်ဆက်ထားတဲ့ပုံမပေါ်တာလည်း တွေ့ရမှာပါ။
မားသားဘုတ် အတုမှာ တကယ်အလုပ်လုပ်တဲ့ အစိတ်အပိုင်းဆိုလို့ NFC module တခုပဲ တပ်ဆင် ထားတာ တွေ့ရမှာဖြစ်ပြီး၊ ဘုတ်တခုလုံး ဖြုတ်ထားလို့တောင် ရမှာဖြစ်ပါတယ်။
အကျဉ်းချုပ်ပြောရမယ် ဆိုရင်တော့ Mi 8 Explorer Edition မှာ သင်မြင်နေရတဲ့ ဖုန်းတွင်း အစိတ်အပိုင်းတွေဟာ တကယ်အလုပ်လုပ်တဲ့ အစိတ်အပိုင်းတွေ မဟုတ်ဘဲ အစိတ်အပိုင်း အတု တွေသာဖြစ်ပါတယ်။
Xiaomi ဟာ ဒီဇိုင်းပိုလှအောင်အတွက် ဘက်ထရီမှာလည်း စတစ်ကာ ဒီဇိုင်းတခု ကပ်ထားတာလည်း တွေ့ရပါ တယ်။
Ref: Android Authority, Cnet