Google ဟာ တရုတ်နိုင်ငံမှာ Search Engine (ရှာဖွေရေးအင်ဂျင်) ပြန်ထုတ်ခွင့်ရဖို့အတွက် Dragonfly ဆိုတဲ့ ပရောဂျက်တခုကို လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံအတွက် သီးသန့်လုပ်ပေးထားတဲ့ Google Search Engine မှာ လူ့အခွင့်အရေး၊ ဒီမိုကရေစီ၊ ဘာသာရေး၊ ဆန္ဒပြမှု စတဲ့ တရုတ်အစိုးရ မနှစ်မြို့တဲ့ အကြောင်းအရာတွေနဲ့ သက်ဆိုင်သမျှ ရှာဖွေမှု ရလဒ်တွေနဲ့ အဆိုပါ အကြောင်းအရာတွေပါ ဝဘ်ဆိုဒ်တွေကို တခါတည်းပိတ်ပေးထားမှာဖြစ်တယ်လို့ အဆိုပါ ပရောဂျက်နဲ့ ရင်းနှီးသူ နှစ်ဦးက New York Times သတင်းစာကို ပြောကြားခဲ့ပါတယ်။
Google ဟာ Dragonfly ပရောဂျက်ကို ၂၀၁၇ ခုနှစ်ကတည်းက စတင်ပြုလုပ်နေတာဖြစ်ပြီး၊ ဇန်နဝါရီလတုန်းက ပြုလုပ်ခဲ့တဲ့ CES ပွဲမှာ တရုတ်အစိုးရ အာဏာပိုင်တွေကို အစမ်းပြသခဲ့ပြီးဖြစ်ပါတယ်။
The Intercept သတင်းဌာနက ရရှိခဲ့တဲ့ ကုမ္ပဏီတွင်းစာရွက်စာတမ်းတွေအရ တရုတ်ဗားရှင်း Google Search Engine ကို လာမယ့် ၆ လ နဲ့ ၉ လအတွင်း အပြီးသတ်ထုတ်ပေးသွားဖို့ရှိပြီး၊ တရုတ်အစိုးရရဲ့ခွင့်ပြုမိန့် စောင့်ဆိုင်းနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
Google ဟာ လွန်ခဲ့တဲ့ ၈ နှစ်လောက်တုန်းက ဆင်ဆာဖြတ်တောက်မှုနဲ့ ဆိုက်ဘာ တိုက်ခိုက်မှုတွေကြောင့် Google.cn ကို ရပ်ဆိုင်းကာ တရုတ်နိုင်ငံတွင်းကနေ ထွက်ခွာခဲ့ပါတယ်။ ဒါပေမယ့် ယခုအခါမှာတော့ Google ဟာ တရုတ်ပြည်တွင်းမှာ Search Engine ပြန်ထုတ်ပေးနိုင်ဖို့အတွက် တရုတ်အစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်နေပြီ ဖြစ်ပါတယ်။
တရုတ်ပြည်တွင်းက အင်တာနက်အသုံးပြုသူ ၉၅ ရာခိုင်နှုန်းလောက်ဟာ စမတ်ဖုန်း၊ တက်ဘလက်စတဲ့ မိုဘိုင်းပစ္စည်းတွေနဲ့ပဲ အင်တာနက်အသုံးပြုနေတာကြောင့် Google ဟာ ယခု Search Engine အသစ်ကို App အနေနဲ့ အရင်ထုတ်ပေးပြီး၊ နောက်မှ ကွန်ပျူတာ Desktop တွေဆီ ထုတ်ပေးဖို့ ရှိနေပါတယ်။
တရုတ်နိုင်ငံအတွက် Google Search Engine ရဲ့ အလုပ်လုပ်ပုံကတော့ ရိုးရိုးရှင်းရှင်းပါပဲ။ အငြင်းပွားဖွယ်ရာ စကားလုံးတွေကို စစ်ထုတ်ရှာဖွေပေးမှာဖြစ်ကာ တရုတ်ပြည်တွင်းမှာ ပိတ်ထားတဲ့ The New York Times, The Wall Street Journal စတဲ့ ဝဘ်ဆိုဒ်တွေကိုလည်း အလိုလို ပိတ်ပေးထားမှာဖြစ်ပါတယ်။ လူကြီးကြိုက် ဖျော်ဖြေရေး အကြောင်းအရာတွေ အားလုံးကိုလည်း ရှာလို့ရမှာ မဟုတ်ပါဘူး။
“ဥပဒေစည်းကမ်းချက်များနှင့်အညီ တချို့ရလဒ်များကို ဖယ်ရှားထားပါသည်” ဆိုပြီးလည်း Search Engine မှာ တခါတည်း အသိပေးထားမှာပါ။ Google အတွင်းသတင်းရင်းမြစ်တခုရဲ့ ပြောကြားချက်အရ ကုမ္ပဏီ ဝန်ထမ်းပေါင်း ၈,၈၀၀ ကျော်ရှိမှာ ရာဂဏန်း အနည်းငယ်လောက်ပဲ ယခုပရောဂျက်အကြောင်းကို သိရှိပြီး၊ အဆိုပါ သူတွေအနေနဲ့ မီဒီယာနဲ့ ဆက်သွယ်ခွင့် မပြုထားဘူးလို့ သိရပါတယ်။
Google ဟာ လက်ရှိမှာလည်း Google Translate နဲ့ Files Go App အပါအဝင် Apps တချို့ကို တရုတ်နိုင်ငံတွင်း အသုံးပြုနိုင်ဖို့ ထုတ်ပေးထားပြီးဖြစ်ကာ၊ Beijin၊ Shenzhen နဲ့ Shanghai တို့မှာလည်း ကုမ္ပဏီ ရုံးခန်းတွေ ဖွင့်လှစ်ထားပြီး ဖြစ်ပါတယ်။ Google Search, Gmail နဲ့ Play Store တို့ကိုတော့ အခုအချိန်ထိ မထုတ်ရသေးဘူးဖြစ်ပါတယ်။
တရုတ်အစိုးရရဲ့ ဆင်ဆာဖြတ်တောက်ထိန်းချုပ်မှုကို အားပေးအားမြှောက် လုပ်သလိုဖြစ်နေတဲ့ Google ရဲ့ ယခုလုပ်ရပ်ကို တရုတ်လူမျိုးလူအခွင့်အရေးလှုပ်ရှားသူတွေက အခုလို ပြောကြားခဲ့ပါတယ်။
“မှန်တာကိုလုပ် ဆိုတဲ့ Google ရဲ့ ဆောင်ပုဒ်နဲ့ အခုလုပ်ရပ်က ပြဒါးတလမ်း၊ သံတလမ်းပါပဲ။ ကုမ္ပဏီရဲ့ လုပ်ရပ်တွေ ပြောင်းလဲဖို့ ကျနော်တို့ တောင်းဆိုထားပါတယ်။ ကမ္ဘာ့အကြီးဆုံး Search Engine ကြီးတခုအနေနဲ့ အခုလို ပြင်းထန်လွန်းတဲ့စည်းကမ်းထိန်းချုပ်မှုတွေကို လက်ခံဆောင်ရွက်ပေးတာဟာ သတင်းအချက်အလက်နဲ့ အင်တာနက်လွတ်လပ်ခွင့်ကို တိုက်ရိုက်စော်ကားလိုက်တာပါပဲ။ လူ့အခွင့်အရေးထက် ငွေကြေး အကျိုး အမြတ်ကို ရှေ့တန်းတင်တာဟာ တရုတ်အစိုးရကို အနိုင်ပေးလိုက်တာနဲ့ အတူတူပဲဖြစ်ပြီး၊ လူမိုက်အားပေး လုပ်သလို ဖြစ်ပါလိမ့်မယ်”လို့ ပြောကြားခဲ့ပါတယ်။
Ref: GSM Arena, The Guardian