IT

Pixels ဖုန်းတွေအတွက် တရားဝင်ထွက်ရှိလာတဲ့ Android 9 Pie

Google ဟာ Android OS အသစ်ဖြစ်တဲ့ Android 9 P ကို မနေ့ညက Pixel ဖုန်းတွေအတွက် တရားဝင် ထုတ်ပေးလိုက်ပါပြီ။

တလက်စတည်းမှာပဲ Android P ရဲ့ နာမည်အပြည့်အစုံကိုလည်း “Android Pie” လို့ ပေးလိုက်ပါတယ်။ Android ဗားရှင်းနာမည်တွေကို “Nougat, Marshmallow, Lollipop” စသဖြင့် အချိုမုန့် နာမည်တွေပဲ ပေးလေ့ရှိတဲ့ Google ထုံးစံမပျက် P ကိုလည်း Pie လို့ ပေးလိုက်တာပါ။

Google က ထုတ်တဲ့ Pixel ဖုန်းကိုင်သူတွေအနေနဲ့ Android Pie ကို ယနေ့ပဲ OTA (over-the-air) Update ကနေ ရရှိသွားမှာဖြစ်ပြီး၊ Android Beta အစီအစဉ်မှာ ပါဝင်ခဲ့တဲ့ Sony, Xiaomi, HMD Global (Nokia), Oppo, Vivo, OnePlus နဲ့ Essential ကုမ္ပဏီရဲ့ ဖုန်းတွေမှာတော့ ဆောင်းဦး ရာသီအကုန် (နိုဝင်ဘာလကုန်) လောက်မှ ရရှိမှာဖြစ်ပါတယ်။

Android Beta ပရိုဂရမ်မှာ ပါခဲ့တဲ့ တခြားဖုန်းထုတ်လုပ်သူတွေရဲ့ ဖုန်းမော်ဒယ်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

• Essential Phone

• Nokia 7 Plus

• Oppo R15 Pro

• OnePlus 6

• Sony Xperia XZ2

• Vivo X21UD

• Vivo X21

• Xiaomi Mi MIX 2S

Android 9 Pie ဟာ ယနေ့ တရားဝင်ထွက်ရှိလာတယ်ဆိုပေမယ့် Google က ကြေညာထားသမျှ Features အကုန်တော့ မပါဝင်လာသေးပါဘူး။ Digital Wellbeing လို Feature တွေကိုတော့ စမ်းသပ် သုံးကြည့်ချင်ရင်တော့ Pixel ဖုန်းတွေကပဲ Beta သက်သက် ထပ်ဝင်မှရပါလိမ့်မယ်။

Android 9 Pie ဟာ AI နည်းပညာနဲ့ Android သုံးဖုန်းတွေကော စွမ်းဆောင်ရည်ကော၊ ဘက်ထရီပိုင်းမှာပါ ပိုမိုအဆင့်မြင့်အောင် အဓိကစွမ်းဆောင်ပေးမှာ ဖြစ်ပါတယ်။

အခုခေတ်စားလာတဲ့ Full Screen ဖုန်းတွေကို အဓိက Optimize လုပ်ထားတာကြောင့် Android ရဲ့ အထင်ကရ Feature တခုလို့ ပြောရမယ့် (Back, Home, Overview) Navigation ခလုတ်သုံးခုကို မြင်တွေ့ရတော့မှာ မဟုတ်ဘဲ၊ iPhone X လို Gesture အဓိကသုံး Operating System တခု ဖြစ်လာမှာပါ။ မကြိုက်ရင် အရင်ပုံစံအတိုင်းတော့ (လောလောဆယ်အထိ) ပြန်ပြောင်းလို့ ရဦးမှာဖြစ်ပါတယ်။

https://techcrunch.com/wp-content/uploads/2018/08/Navigation.gif?w=378

Android စနစ်ဟာ ကမ္ဘာပေါ်မှာ လက်ရှိ လူသုံးအများဆုံး မိုဘိုင်း Operating System တခုဖြစ်ပြီး၊ အသစ်ထွက်တဲ့ ဖုန်း ၁၀ လုံးမှာ ၉ လုံးလောက်က Android စနစ်နဲ့ ဖြစ်ပါတယ်။

ဒါကြောင့် ယခု Android 9 Pie Update ကလည်း တကမ္ဘာလုံးရဲ့ စမတ်ဖုန်းအသုံးပြုမှုပုံစံကို ပြောင်းလဲပစ်နိုင်တဲ့ Update တခုဖြစ်လာမှာပါ။

Ref: Cnet, The Verge, Google

Loading