လွန်ခဲ့တဲ့ သုံးပတ်လောက်ကမှ မိတ်ဆက်ခဲ့တဲ့ Gorilla Glass 6 ကို မကြာခင် Oppo စမတ်ဖုန်းတလုံးမှာ စတင်မြင်တွေ့ရတော့မှာဖြစ်ကြောင်း Corning က ကြေညာလိုက်ပါတယ်။
ဖုန်းမော်ဒယ်အတိအကျမပြောခဲ့ပေမယ့်၊ ယခုလကုန်လောက်မှာ Oppo ကနေ F9 နဲ့ F9 Pro တို့ကို မိတ်ဆက်ဖို့ ရှိနေတာကြောင့် အဆိုပါဖုန်း ၂ မျိုးဟာ Gorilla Glass 6 သုံး ပထမဆုံးဖုန်းတွေ ဖြစ်လာမှာပါ။
Oppo ဟာ လက်ရှိ Flagship ဖုန်းတွေဖြစ်တဲ့ Find X နဲ့ R15 ဖုန်းတွေမှာလည်း Gorilla Glass 5 ကို သုံးထားပါတယ်။ အကြမ်းခံမှန် အမျိုးအစားဖြစ်တဲ့ Gorilla Glass ဟာ အမြင့်ပေ ၁ မီတာကနေ ၁၅ ကြိမ်တိုင်တိုင် ပြုတ်ကျမှုကို ခံနိုင်ရည်ရှိတဲ့ မှန်ဖြစ်ပါတယ်။
Corning ရဲ့ အဆိုအရ စမတ်ဖုန်းကိုင်သူတယောက်ဟာ ၁ နှစ်ကို ပျှမ်းမျှ ၇ ကြိမ်လောက် ဖုန်းပြုတ်ကျလေ့ ရှိတယ်လို့ သိရတာကြောင့်၊ Oppo F9 နဲ့ F9 Pro တို့ဟာ ၂ နှစ်လောက် ပြုတ်ကျဒဏ် အေးဆေးခံနိုင်မှာ ဖြစ်ပါတယ်
“Oppo နဲ့ Corning တို့က အမြဲတမ်း အနီးကပ်ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး၊ Oppo ဖုန်း အသုံးပြုသူတွေ အတွက် အကောင်းဆုံးအတွေ့အကြုံတွေကို ပေးစွမ်းနိုင်ခဲ့ပါတယ်။ အခုလည်း Gorilla Glass 6 ကို မကြာခင် ထွက်မယ့် ကျနော်တို့ ဖုန်းအသစ်မှာ အသုံးပြုနိုင်ခွင့်ရတဲ့အတွက် အရမ်းကို ဝမ်းသာမိပါတယ်။ တကမ္ဘာလုံးက ကျနော်တို့ ပရိတ်သတ်တွေအနေနဲ့လည်း သဘောကျ နှစ်ခြိုက်ကြမယ်လို့ ယုံကြည်ပါတယ်”
Oppo ရဲ့ ဒု-ဥက္ကဋ္ဌ ဖစ်သူ Andy Wu က Corning နဲ့ ပူူးပေါင်းမှုကို အောက်ပါအတိုင်း မှတ်ချက်ပေးပြောကြား ခဲ့ပါတယ်။ Oppo ကနေ မကြာခင်ထုတ်မယ့် F9 နဲ့ F9 Pro တို့ဟာ Essential Phone ကလိုပဲ ဖုန်းရှေ့ Display မှာ အကွက်သေးသေးလေးသာ ပါဝင်မှာဖြစ်ပြီး၊ Screen အပြည့် ဖုန်းတွေအဖြစ် ပွဲထွက်လာဦးမှာပါ။
ဒါ့အပြင် ဖုန်းနှစ်မျိုးလုံးရဲ့ ကျောဘက်မှာ ကာလာရောင်စုံပြေးနေမယ့် မှန်သားကိုယ်ထည်တွေ အသုံးပြုမှာ ဖြစ်တယ်လို့ သိထားရပါတယ်။ ဖုန်းထွက်ရှိမယ့် ရက်အတိအကျကိုတော့ မသိရသေးပါဘူး။
Ref: Android Central, GSM Arena