၂၀၂၀ခုနှစ် တိုကျိုအိုလံပစ်ပြိုင်ပွဲမှာ အဆင့်မြင့် မျက်နှာစစ်ဆေးမှုနည်းပညာ (Facial Recognition Technology) နဲ့ စကင်ဖတ်၊ လုံခြုံရေးစစ်ဆေးသွားမှာဖြစ်တယ်လို့ အိုလံပစ်ပွဲစီစဉ်သူတွေက အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။
တိုကျိုအိုလံပစ်ပြိုင်ပွဲကို အားကစားသမားတွေ အပါအဝင် ဝန်ထမ်း၊ လုပ်အားပေးနဲ့ သတင်းထောက်တွေ စုစုပေါင်း အယောက် ၃ သိန်းကျော် တက်ရောက်လာဖို့ရှိပြီး၊ အဆောက်အဦးတွေထံ ဝင်ခွင့်ရဖို့အတွက် အားလုံးကိုယ်စီ ID ကတ်ပြားတွေ ဆောင်ရမှာဖြစ်ပါတယ်။
ဒါ့အပြင် ID ကတ် ပိုင်ရှင်စစ်မှန်ကြောင်းကိုလည်း Facial Recognition နည်းပညာနဲ့ အတည်ပြု စစ်ဆေး သွားဦးမှာဖြစ်ပါတယ်။
ဒီလုံခြုံရေးစနစ်အသစ်ကြောင့် ID ကတ်တွေ ခိုးယူ၊ အတုလုပ်၊ ဌားရမ်းပြီး ပွဲအဆောက်အဦတွေအတွင်း ခိုးဝင်ရောက်မှုတွေကို ကာကွယ်တားဆီးနိုင်မှာဖြစ်တယ်လို့ ယခု Facial Recognition နည်းပညာကို ထုတ်လုပ်ပေးထားတဲ့ ဂျပန်အခြေစိုက် NEC ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။
NEC ရဲ့ Facial Recognition နည်းပညာဟာ ကြိုတင်စာရင်းသွင်းထားတဲ့ ဓာတ်ပုံနဲ့ တိုက်စစ်ဆေးမှုကို ဝ.၃ စက္ကန့်အတွင်း အပြီးဆောင်ရွက်နိုင်ပြီး၊ အလားတူနည်းပညာတွေထဲမှာ ကမ္ဘာ့အမြန်ဆုံးစနစ်တခုဖြစ်တယ်လို့ NEC တာဝန်ရှိသူတဦးဖြစ်တဲ့ Masaaki Suganuma က ဆိုပါတယ်။
ပြိုင်ပွဲအဆောက်အဦး ၄၃ ခု၊ အားကစားသမားများ တည်းခိုရာအဆောက်အဦးများ၊ မီဒီယာစင်တာတွေ အပါအဝင် အဆောက်အဦအားလုံးမှာ Facial Recognition နည်းပညာအသုံးပြုသွားမှာဖြစ်ပေမယ့်၊ ပွဲလာရောက်ကြည့်ရှုသူပရိတ်သတ်တွေအတွက်တော့ အသုံးပြုမှာမဟုတ်ပါဘူး။
“ အိုလံပစ်ပြိုင်ပွဲမှာ ပါဝင်တဲ့ လူအားလုံးအတွက်၊ အဆောက်အဦအားလုံးမှာ Facial Recognition နည်းပညာကို တပ်ဆင်အသုံးပြုတာ ဒါပထမဆုံးပဲ ဖြစ်ပါတယ်” လို့ အိုလံပစ်ပြိုင်ပွဲရဲ့ လုံခြုံရေးကြီးကြပ်ရေးမှူး Tsuyoshi Iwashita က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
မနှစ်တုန်းက စတင်ပြုလုပ်ခဲ့တဲ့ စမ်းသပ်ချက်တွေအရ ၂၀၂၀ ဂျပန်အိုလံပစ်မှာ အသုံးပြုမယ့် ID ကတ်နဲ့ Facial Recognition စစ်ဆေးမှုဟာ အရင်အိုလံပစ်တွေတုန်းက သုံးခဲ့တဲ့ Barcode ရယ်၊ အမြင်နဲ့ တိုက်စစ်ဆေးမှု တွေထက် ၂.၅ ဆလောက် ပိုမိုမြန်ဆန်မှာဖြစ်ပါတယ်။
ဒါ့အပြင် အဆောက်အဦအတွင်း ဝင်ခွင့်ရဖို့အတွက် ပြင်းထန်တဲ့ ဂျပန်နွေအပူချိန်မှာ အကြာကြီး ရပ်စောင့်နေစရာလည်း လိုမှာမဟုတ်တော့ပါဘူး။
Facial Recognition ဟာ ဂျပန်အိုလံပစ်ပြိုင်ပွဲမှာ သုံးမယ့် လုံခြုံရေးအစီအစဉ်တွေထဲက တခုသာဖြစ်ပြီး၊ အိုလံပစ်အဆောက်အဦ အားလုံးမှာ X-ray စစ်ဆေးမှုတွေ၊ CCTV ကင်မရာတွေနဲ့ လုံခြုံရေး ခြံစည်းရိုးတွေ လည်း ထားရှိသွားဦးမှာဖြစ်ပါတယ်။
Ref: Phys, Japan Times