စမတ်ဖုန်း ဈေးကွက်တွင်းမှာ အရောင်းဝေစု များများရဖို့အတွက် ဖုန်းကုမ္ပဏီတွေဟာ သူ့ထက်ငါ ထူးခြားဆန်းသစ်တဲ့ ဖုန်းတွေကို အပြိုင်အဆိုင် ထုတ်လုပ်ရောင်းချလျက် ရှိပါတယ်။ တချို့ ဖုန်းတွေက အောင်မြင်မှု ရှိခဲ့သလို တချို့ဖုန်းတွေကလည်း ထင်သလောက် အလုပ် မဖြစ်ခဲ့ကြပါဘူး။
အခု စာရင်းထဲမှာတော့ ဈေးကွက်တွင်း ထွက်ရှိခဲ့ဖူးသမျှ Android ဖုန်းတွေထဲက အထူးဆန်းဆုံး ဖုန်း ၅ မျိုးကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။
၅။ Motorola Backflip
၂၀၁၀ ခုနှစ်အတွင်းမှာ slide ဆွဲထုတ်လို့ရတဲ့ ကီးဘုတ်နဲ့ ဖုန်းတွေ တော်တော်လေး ခေတ်စားခဲ့ပါတယ်။ အဆိုပါဖုန်းတွေထဲမှာ Motorola က ထုတ်ခဲ့တဲ့ Backflip ဖုန်းကတော့ တော်တော်လေးထူးခြားတဲ့ ဖုန်းအဖြစ် ပြောစမှတ်ပြုခဲ့ကြရပါတယ်။ Backflip ဆိုတဲ့ နာမည်အတိုင်း ဖုန်းအနောက်ဘက်ကို လှန်တင်လိုက်ရင် ကီးဘုတ်တခုကို တွေ့မြင်ရပြီး၊ အဆိုပါ ကီးဘုတ်မှာပဲ ရှေ့ကင်မရာနဲ့ LED Flash မီးတို့ကို ထည့်ပေးထားပါတယ်။ ဒါပေမယ့် အဆိုပါကီးဘုတ်အပိုင်းဟာ ထိခိုက်ပျက်စီးနိုင်တဲ့အတွက် Review အများစုမှာ Backflip ဖုန်းက နာမည်မရခဲ့ပါဘူး။
Backflip ဖုန်းရဲ့ နောက်ထပ် ထူးခြားချက်ကတော့ ဖုန်း screen အနောက်ဘက် ကိုယ်ထည်မှာ ကွန်ပျူတာက trackpad လိုမျိုး ‘backtrack’ တခုပါရှိတာပါ။ ဒီ Trackpad ကလည်း အသုံးမဝင်ခဲ့ပါဘူး။ Backflip ဖုန်း နာမည်ကြီးတဲ့တချက်ကတော့ MotoBlur ဆော့ဖ်ဝဲကြောင့် ဖြစ်ပါတယ်။ MotoBlur ကနေ Facebook, MySpace, Twitter နဲ့ Microsoft Exchange တို့ကို အဆင်သင့်အသုံးပြုနိုင်ခဲ့ပါတယ်။
Backflip ဖုန်းရဲ့ Specifications တွေကတော့ 528MHz Processor ၊ 256MB RAM နဲ့ 512MP Storage တို့ ပါရှိပါတယ်။ ၃.၁ လက်မအရွယ် 320p Display ကို အသုံးပြုထားပြီး၊ 5MP ကင်မရာတလုံးနဲ့ ဖြစ်ပါတယ်။ ဒီဘက်ခေတ် Specifications နဲ့ ယှဉ်ရင်တော့ အပုံကြီးကွာပါတယ်။
၄။ Samsung Continuum
screen အပိုတခုပါတဲ့ ဖုန်းတွေကို LG က စခဲ့တယ်လို့ ထင်ရင်တော့ မှားသွားပါပြီ။ LG V စီးရီးမတိုင်ခင် ငါးနှစ်လောက်အလိုကတည်းက Samsung ဟာ အဓိကစခရင်အောက်ကပ်လျက်မှာ နောက်ထပ် ၁.၈ လက်မအရွယ် 96×480 AMOLED Display အပိုတခုပါတဲ့ Continuum ဖုန်းကို ထုတ်ခဲ့ဖူးပါတယ်။
အဆိုပါ အပို Display လေးသေးသေးမှာ ပုံမှန် Default အတိုင်းဆို အချိန်နာရီနဲ့ ရက်စွဲတို့ကို ဖော်ပြပေးပါတယ်။ ဖုန်းအဝင်အထွက်၊ SMS နဲ့ Email, Facebook Notification တွေကိုတော့ အခု Meizu Pro 7 က Secondary Display လို ဘေးကို ပွတ်ဆွဲပြီး ကြည့်နိုင်ပါသေးတယ်။
ပိုထူးဆန်းတာက Notification ဝင်လာတဲ့အခါ ဖုန်းကိုညှစ်လိုက်ရင် အဆိုပါ screen က ပွင့်လာတဲ့ Feature ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ တနှစ်လောက်ကမှ ထုတ်ထားတဲ့ HTC Edge Sense နည်းပညာနဲ့ တော်တော်လေးဆင်တူပါတယ်။
၃။ Kyocera Echo
ပထမဆုံး screen နှစ်ခုပါတဲ့ Dual-screen ဖုန်းလို့ ခေါ်ဆိုနိုင်တဲ့ Kyocera Echo ဖုန်းကို ၂၀၁၁ ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့ပါတယ်။ Echo ဖုန်းမှာ ၃.၅ လက်မအရွယ် စခရင်နှစ်ခုပါဝင်ပြီး၊ အလယ်မှာ ပတ္တာတခုခံကာ စခရင်နှစ်ခုကို ပေါင်းပြီး ၄.၇ လက်မအရွယ် တက်ဘလက် အဖြစ်နဲ့လည်း အသုံးပြုနိုင်ပါတယ်။
တက်ဘလက်အဖြစ် သုံးတဲ့အခါ ဘေးဘောင်နှစ်ခု ဆုံတဲ့နေရာ၊ အလယ်တည့်တည့်မှာ အမည်းကြောင်းလို ဖြစ်နေတာကလွဲရင် စခရင် ၂ ခုသုံးရတာ အဆင်ပြေအောင် လုပ်ပေးထားပါတယ်။
Echo ဖုန်းဟာ 1.0GHz Snapdragon Chipset ၊ 512MP RAM နဲ့ 1GB Storage တို့ ပါရှိပြီး၊ Android 2.2 Froyo နဲ့ ဖြစ်ပါတယ်။ screen နှစ်ခုကောင်းကောင်းအသုံးချနိုင်ဖို့အတွက် ‘Tablet Mode’ ၊ ‘Optimized Mode’ ‘Simul-Task’ Mode သုံးမျိုးရယ် screen နှစ်ခုထပ်ပြီး သုံးတဲ့ပုံစံရယ်ဆို Mode လေးမျိုး ပါဝင်တဲ့ ဖုန်းဖြစ်ပါတယ်။
အားနည်းချက်တခုကတော့ Kyocera ကုမ္ပဏီက 1,360mAh ဘက်ထရီ နောက်တခု အပိုထည့်ထားပေးမယ့်၊ screen နှစ်ခုက ပါဝါဆွဲတာကြောင့် ဘက်ထရီကုန်တဲ့ပြဿနာပါ။ စီးပွားရေးအရ မအောင်မြင်လိုက်ပါဘူး။
၂။ ASUS PadFone
လွန်ခဲ့တဲ့ ၂၀၁၂ လောက်ကတည်းက ASUS ဟာ PadFone ဆိုတဲ့ ဖုန်းတမျိုးကို ထုတ်ခဲ့ဖူးပါတယ်။ တော်တော်ထူးခြားတဲ့ဖုန်းတလုံးပါ။ ပုံမှန်စမတ်ဖုန်းအဖြစ်နဲ့ အသုံးပြုနိုင်သလို၊ ဖုန်းကို တက်ဘလက် အရွယ် Docking station ထဲ ထည့်လိုက်ရင်လည်း တက်ဘလက်အဖြစ် အသုံးပြုနိုင်တဲ့ ဖုန်းဖြစ်ပါတယ်။
၂၀၂၀ ASUS PadFone မှာ ၄.၃ လက်မအရွယ် 540p AMOLED Display ကို အသုံးပြုထားပြီး၊ Snapdragon S4၊ 1GB RAM ၊ 32GB Storage တို့နဲ့ ဖြစ်ပါတယ်။ 8MP ကျောကင်မရာနဲ့ VGA Selfie ကင်မရာတလုံးလည်း ပါဝင်ပါတယ်။ PadFone ကို ‘‘PadFone Station’’ လို့ ခေါ်တဲ့ ၁၀.၁ လက်မအရွယ် IPS Display အနောက်အကန့်ထဲကို ထည့်လိုက်ရင် တက်ဘလက်တလုံး အနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။
တက်ဘလက် Dock မှာ 1.3MP ရှေ့ကင်မရာနောက်တခု၊ စပီကာတလုံးနဲ့ 3,300mAh ဘက်ထရီ တို့လည်း ပါဝင်တဲ့အတွက် တက်ဘလက်အဖြစ် အေးဆေးအသုံးပြုနိုင်မှာပါ။ ကီးဘုတ်နဲ့ ထပ်ချိတ်ပြီးလည်း လက်ပ်တော့လို ထပ်သုံးလို့လည်း ရပါသေးတယ်။
ASUS ဟာ အဆိုပါဒီဇိုင်းနဲ့ PadFone ကို PadFone 2 ၊ PadFone Infinity ၊ PadFone X နဲ့ PadFone S ဆိုပြီး မော်ဒယ်တွေ ထပ်ထုတ်ခဲ့ပါသေးတယ်။ အခုတော့ ဆက်မထုတ်တော့ပါဘူး။
၁။ YotaPhone 2
ပထမဆုံး Always-on Display ပါ Dual-screen ဖုန်းလို့လည်း ခေါ်ကြတဲ့ YotaPhone 2 ကိုတော့ ၂၀၁၃ ခုနှစ်မှာ ရုရှားဆက်သွယ်ရေးကုမ္ပဏီ Yota ကနေ စတင်မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်ကလည်း YotaPhone 3 ကို ထပ်မံမိတ်ဆက်ခဲ့ပါသေးတယ်။
YotaPhone 2 ဟာ ၄.၃ လက်မအရွယ် IPS LCD Display ပါဝင်တဲ့အပြင် ဖုန်းရဲ့ ကျောဘက် မှာလည်း နောက်ထပ် ၄.၃ လက်မအရွယ် E-ink Display တခုပါရှိပါတယ်။ စက္ကူပေါ်မှာ မှင်ပေါ်တဲ့ပုံစံလို E-ink Display ကို အသုံးပြုထားတာကြောင့် နောက်ဘက် Display က ပါဝါသုံးစွဲမှု မများဘဲ Always-on Display အဖြစ် အသုံးပြုနိုင်ပါတယ်။ ရှေ့ Display လိုပဲ Android လုပ်ဆောင်ချက် အကုန်လုံးကို နောက် Display မှာလည်း အပြည့်အဝလုပ်ဆောင်နိုင်ပါတယ်။
အထူးသဖြင့် စာဖတ်လို့ကောင်းတဲ့ Display ဖြစ်တာကြောင့် နာမည်ရခဲ့ပါတယ်။ နည်းနည်း မြောက်ပြီး ၄၂၀ ယူရိုလောက် ပေးရမှာပါ။ Yota ဟာ နောက်နှစ်တွေမှာ YotaPhone 2 နဲ့ YotaPhone 3 ဆိုပြီး ထပ်ထုတ်ခဲ့ပါသေးတယ်။ သူ့မော်ဒယ်နဲ့သူ အတန်အသင့် အောင်မြင်တဲ့ ဖုန်းတွေလို့ ဆိုရမှာပါ။ နောက်ထပ် YotaPhone မော်ဒယ်အသစ် သတင်းကိုတော့ အခုထိ မကြားရသေးပါဘူး။
အပိုလက်ဆောင် – Galaxy Round
အထူးဆန်းဆုံးဖုန်း ၅ မျိုးပြည့်သွားပေမယ့် အပိုလက်ဆောင်အဖြစ် Galaxy Round ဖုန်းကို ထည့်သွင်း ချင်ပါသေးတယ်။ Galaxy S6 Edge လို Display အစွန်အနားလေးကိုပဲ မသိမသာ ကွေးထားတဲ့ ဖုန်းကို မထုတ်ခင်မှာ Samsung ဟာ Galaxy Round ဆိုတဲ့ တကယ့်ဖုန်း အကွေး တမျိုးကို ထုတ်ခဲ့ဖူးပါသေးတယ်။
ကိုယ်ပိုင် Display အကွေးတွေကို ထုတ်နိုင်တဲ့ Samsung ကုမ္ပဏီအတွက် သိပ်တော့ မထူးဆန်းပါဘူး။ ဒါပေမယ့် ဈေးကွက်တွင်းမှာ ဖုန်းကွေးကွေးကြီးကို မြင်တွေ့ရလေ့သိပ်မရှိတဲ့ စမတ်ဖုန်း ချစ်သူတွေအတွက်တော့ အမှတ်တရဖုန်းတလုံးပါပဲ။
တချိန်တည်းမှာပဲ Display ပြိုင်ဘက်လည်းဖြစ်၊ ဖုန်းပြိုင်ဘက်လည်းဖြစ်တဲ့ LG ကုမ္ပဏီကလည်း LG G Flex ကို မိတ်ဆက်ခဲ့တာကြောင့် Galaxy Round နဲ့ G Flex တို့ဟာ အဲ့အချိန်အတွင်း အထူးဆန်းဆုံး ဖုန်းတွေဖြစ်ခဲ့ပါသေးတယ်။ ဒီဖုန်းနှစ်ခုမှာ မတူတာက LG G Flex က ဖုန်းအပေါ်နဲ့ အောက်ဘက်က ကွေးနေတာဖြစ်ပြီး၊ Galaxy Round ကျ ဖုန်းဘယ်နဲ့ညာက ကွေးနေတာ ဖြစ်ပါတယ်။
Galaxy Round ရဲ့ Specifications တွေကတော့ Snapdragon 800၊ 3GB RAM၊ 13MP ကျောကင်မရာနဲ့ 2MP ရှေ့ကင်မရာတို့ ဖြစ်ပါတယ်။