Samsung ပရိတ်သတ်တွေ စောင့်မျှော်နေတဲ့ “Galaxy Unpacked” ပွဲဟာ မနက်ဖန် မြန်မာစံတော်ချိန် ည ၉ နာရီခွဲမှာ ကျင်းပတော့မှာဖြစ်ပါတယ်။ အဆိုပါပွဲမှာ Galaxy Note 9 ကို မိတ်ဆက်သွားဖို့ရှိပြီး၊ နောက်ထပ် Product အသစ် ၂ မျိုးကိုလည်း မိတ်ဆက်သွားဖို့ရှိပါတယ်။
Unpacked ပွဲကို ဘယ်မှာကြည့်နိုင်မလဲ
Samsung Galaxy Unpacked ပွဲကို ထုံးစံအတိုင်း Samsung website ကနေ တိုက်ရိုက်ကြည့်ရှုနိုင် မှာဖြစ်ပါတယ်။ ဖုန်း (သို့မဟုတ်) ကွန်ပျူတာ Browser ကနေ New-samsung-products ကို သွားရောက်ကြည့်ရှုနိုင်သလို၊ အောက်ပါ Samsung Official YouTube channel ကနေလည်း စောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။
ပွဲကျင်းပမယ့် အချိန်ကတော့ သြဂုတ်လ ၉ ရက်နေ့၊ 11AM EST ဖြစ်ပြီး မြန်မာစံတော်ချိန်နဲ့ တွက်မယ်ဆိုရင် သြဂုတ်လ ၉ ရက်နေ့ မြန်မာစံတော်ချိန် ည ၉ နာရီခွဲမှာ တိုက်ရိုက် ထုတ်လွှင့်ပြသမှာ ဖြစ်ပါတယ်။
Galaxy Note 9 Unpacked ပွဲမှာ အဓိကမိတ်ဆက်မယ့် Samsung product အသစ်ကတော့ Galaxy Note 9 ဖြစ်ပါတယ်။ Samsung ကိုယ်တိုင်က လွန်ခဲ့တဲ့ တပတ်လောက် ကတည်းက YouTube မှာ Galaxy Note 9 မိတ်ဆက် ဗီဒီယိုကို မှားတင်ခဲ့တာကြောင့် Note 9 အကြောင်း တော်တော်သိပြီး ဖြစ်ကြမှာပါ။
Galaxy Note 9 ရဲ့ နောက်ထပ်အဓိက Features တွေကတော့ အဆင့်မြှင့်ထားတဲ့ S Pen: Note အသစ်ထွက်လာတိုင်း S Pen ကလည်း ပိုအဆင့်မြင့်လာလေ့ရှိသလို အခု Note 9 မှာလည်း S Pen က ပိုမိုအဆင့်မြင့်လာဦးမှာပါ။
S-Pen မှာ ထူးထူးခြားခြားပြောင်းလဲမှုအနေနဲ့ Bluetooth ချိတ်ဆက်မှုပါ ပါဝင်လာဖို့ ရှိပါတယ်။ Note 9 အသုံးပြုသူတွေအနေနဲ့ ဖုန်းသီချင်း အဖွင့်အပိတ်၊ Timer မှတ်တာ၊ ဓာတ်ပုံရိုက်တာတို့ အပြင် ဖုန်းအကိုင်၊ အချ တို့ကိုပါ S-Pen နဲ့ ပြုလုပ်လာနိုင်ဖွယ် ရှိပါတယ်။ S-Pen တိကျမှုအပိုင်းနဲ့ “Sensitivity level” လို့ ခေါ်တဲ့ ဖိအားသိရှိမှု အဆင့်တွေမှာလည်း တိုးတက်မှုကို တွေ့မြင်လာရမှာပါ။
ပိုအသုံးခံလာမယ့် ဘက်ထရီ – Samsung မှားတင်ခဲ့တဲ့ ဗီဒီယိုအရ Note 9 မှာ ဘက်ထရီ သက်တမ်းကို အမွှန်းတင် ရောင်းချသွားဖို့ ရှိပါတယ်။ ဘက်ထရီအနေနဲ့ 4,000mAh အထိ ပါဝင်လာဖို့ရှိပြီး၊ မနှစ်က မိတ်ဆက်ခဲ့တဲ့ Galaxy Note 8 ရဲ့ 3,300mAh ဘက်ထရီထက် ၁၅ ရာခိုင်နှုန်းလောက် ပိုများလာမှာပါ။ ဘက်ထရီပမာဏ ပိုများလာသလို ဘက်ထရီသက်တမ်းလည်း ပိုခံလာမှာ ဖြစ်ပါတယ်။
ပိုများပြားတဲ့ Storage – Note 9 ရဲ့ နောက်ထပ်အဓိက Feature တခုကတော့ ဒေတာ သိမ်းဆည်းနိုင်မှု (Storage) အပိုင်းပဲ ဖြစ်ပါတယ်။ ဖုန်းမှာနဂိုပါတဲ့ Internal Storage 512GB အပြင်၊ microSD ကတ် ကလည်း နောက်ထပ် 512GB ထပ်စိုက်နိုင်မှာကြောင့် Note 9 မှာ ကွန်ပျူတာ တလုံးလို 1TB Storage အထိ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
ပိုကောင်းလာဦးမယ့် ကင်မရာ – Samsung ဟာ S8နဲ့ S9 မှာ ကင်မရာကိုပဲ အဓိက Upgrade ပြုလုပ်ခဲ့သလို၊ Note 9 မှာလည်း ကင်မရာကို Upgrade ပြုလုပ်ပေးဦးမှာ ဖြစ်ပါတယ်။ ဖြစ်နိုင်တာကတော့ Galaxy S9 ရဲ့ Dual-aperture စနစ်ကိုပါ Note 9 မှာ တွေ့မြင်ရဖို့ ရှိနေပါတယ်။
ပိုမိုမြန်ဆန်တဲ့ စွမ်းဆောင်ရည် – Note 8 မှာ သုံးခဲ့တဲ့ Snapdragon 835 အစား Note 9 မှာ Snapdragon 845 ကို ပြောင်းလဲအသုံးပြုမှာဖြစ်သလို၊ Qualcomm ရဲ့ လက်ရှိအမြန်ဆုံး modem ကိုလည်း အသုံးပြုသွားမှာဖြစ် တာကြောင့် Note 9 ဟာ Processor စွမ်းဆောင်ရည်ကော Network စွမ်းဆောင်ရည်ပါ ပိုကောင်းလာမှာ ဖြစ်ပါတယ်။
Fortnite – ဒီသတင်းကတော့ မသေချာသေးပေမယ့် အခုလက်ရှိ လူပြောအများဆုံး သတင်းတခု ဖြစ်ပါတယ်။ မကြာမီ Android အတွက် ထွက်ရှိလာတော့မယ့် နာမည်ကျော် Battle Royale ဂိမ်း “Fortnite” ကို Note 9 မှာ အရင် တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဒီထက် ပိုထူးခြားတာတခုက Fortnite ကို Note 9 နဲ့ Galaxy Tab S4 တို့မှာပဲ တလခွဲ၊ နှစ်လနီးပါး ဆော့နိုင်မှာဖြစ်ပြီး၊ ကျန် Android ဖုန်းတွေမှာ ရဦးမှာ မဟုတ်သေးပါဘူး။
Galaxy Watch – Galaxy Unpacked ပွဲမှာ Note 9 တခုတည်း မိတ်ဆက်မှာ မဟုတ်ဘဲ Galaxy Watch စမတ်နာရီ အသစ်ကိုလည်း မြင်တွေ့ရဖို့ရှိပါတယ်။ ထူးခြားတာတခုက အရင် Samsung စမတ်နာရီတွေလို “Gear” နာမည်နဲ့ မလာတော့ဘဲ ဖုန်းတွေ၊ တက်ဘလက်တွေရဲ့ Galaxy နာမည်ကို ပြောင်းလဲအသုံးပြုဖို့ ရှိပါတယ်။ Galaxy Watch ဟာ Tizen OS နဲ့ပဲ ထွက်လာဦးမှာ ဖြစ်ပြီး၊ Bixby ပါလာဖို့ ရှိပါတယ်။
Wireless Charger Duo – Samsung ရဲ့ ကြိုးမဲ့အားသွင်း Charger အသစ် ဖြစ်ပါတယ်။ Device နှစ်ခုကို တပြိုင်တည်း အားသွင်းနိုင်တဲ့ Wireless Charger ဖြစ်ပြီး၊ Note 9 ကော Galaxy Watch ကိုပါ ဒီပေါ်တင် အားသွင်းနိုင်မှာ ဖြစ်ပါတယ်။
Bixby သုံး စမတ်စပီကာ – ကောလာဟလတွေ ကြာရှည်ထွက်ပေါ်နေခဲ့တဲ့ Samsung ရဲ့ Bixby သုံး စမတ် စပီကာကိုလည်း ဒီပွဲမှာ တွေ့မြင်ရမယ်လို့ သတင်းထွက်နေပါတယ်။
Amazon ရဲ့ Echo ၊ Google Home ၊ Apple HomePod တို့ကို ယှဉ်ပြိုင်မယ့် Samsung စမတ် စပီကာ ဖြစ်ပြီး၊ Samsung ကိုယ်တိုင်ကလည်း စမတ်စပီကာတမျိုး ထုတ်လုပ်ဖို့ကြိုးစားနေကြောင်း အတည်ပြုခဲ့ပြီး ဖြစ်ပါတယ်။ Wall Street Journal ကနေ ရရှိတဲ့သတင်းအရ Samsung ဟာ Bixby စမတ် စပီကာကို ယခုပွဲမှာ စတင်မိတ်ဆက်သွားဖို့ရှိပြီး၊ ဒေါ်လာ ၃၀၀ လောက် ဈေးနှုန်းရှိမယ်လို့ သိရပါတယ်။
Samsung အနေနဲ့ ယခု Unpacked ပွဲမှာ မထင်မှတ်ထားတဲ့ ဘယ်လို Product အသစ်တွေကို မိတ်ဆက်သွားဦးမလဲ ဆိုတာကတော့ မနက်ဖြန်ညမှာ စောင့်ကြည့်ရမှာပါ။
Ref: The Verge