Mi Band 3 ထွက်ရှိအပြီး ၃ လလောက်အကြာမှာ Hey+ ဆိုတဲ့ စမတ်လက်ပတ်အသစ်ကို Xiaomi ကနေ ထပ်မံ မိတ်ဆက်လိုက်ပြန်ပါပြီ။ Hey+ ဟာ Mi Band 3နဲ့ သိပ်မကွာခြားပေမဲ့ ပိုမိုအဆင့်မြင့် Feature တွေ ပါဝင်လာတာ တွေ့ရပါတယ်။
အားကစားလုပ်ရာမှာ ပတ်ဖို့အတွက် အဓိက ဒီဇိုင်းထုတ်ထားတဲ့ Hey+ နဲ့ Mi Band 3 တို့ရဲ့ အဓိက ကွာခြားချက်ကတော့ Display ပါ။ Mi Band 3 မှာ ကာလာတမျိုးပဲပြနိုင်တဲ့ Monochrome OLED Display ကို အသုံးပြုခဲ့ပေမယ့်၊ Hey+ မှာတော့ ကာလာစုံ OLED Display ကို သုံးထားတာ တွေ့ရပါတယ်။ Display အရွယ် အစားက ဝ.၉၅ လက်မရှိတာကြောင့် Mi Band 3 ထက် ပိုကြီး လာပြီး၊ Resolution ကလည်း ၂ ဆ (240×120 pixels) ဖြစ်သွားပါတယ်။
Hey+ ရဲ့ လက်ပတ်ကြိုးကို သာမို ပလတ်စတစ် ပိုလီမာ အပျော့သားနဲ့ ပြုလုပ်ထားပြီး၊ အလေးချိန် ၁၉.၇ ဂရမ်ပဲ ရှိမှာပါ။ 120mAh ဘက်ထရီနဲ့ ဖြစ်ပြီး၊ တခါအားအပြည့်သွင်းထားပြီးရင် ၁၈ ရက် လောက် အသုံးခံတယ်လို့ ကုမ္ပဏီက ချီးမွမ်းခန်းဖွင့်ထားပါတယ်။ ၀ ကနေ ၁၀၀ ရာခိုင်နှုန်း အားအပြည့်သွင်းဖို့ကိုတော့ အချိန် ၂ နာရီလောက် ကြာမှာ ဖြစ်ပါတယ်။
Bluetooth 4.2 LE စနစ်နဲ့ Android ဒါမှမဟုတ် iOS Devices တွေနဲ့ ချိတ်ဆက် အသုံးပြုနိုင်သလို၊ NFC စနစ်လည်း ပါဝင်လာပါတယ်။ Hey+ ရဲ့ NFC ကနေ တရုတ်ပြည်တွင်းမှာဆိုရင် Mi Payment စနစ်ကို အသုံးပြုနိုင်သလို၊ NFC Reader ရှိတဲ့ ရထားဘူတာရုံနဲ့ အဆောက်အဦတွေမှာလည်း အဝင်အထွက်ကို စမတ်လက်ပတ်နဲ့ ပြလိုက်ရုံနဲ့တင် လုပ်နိုင်ပါတယ်။
တခြား စမတ်လက်ပတ်တွေအတိုင်း ခြေလှမ်းအရေအတွက်၊ နှလုံးခုန်နှုန်း၊ အိပ်ချိန်စတဲ့ ကျန်းမားရေး ဆိုင်ရာ အချက်အလက်တွေကို Hey+ လက်ပတ်ကနေ ကြည့်နိုင်မှာဖြစ်ပါတယ်။ ရေကူး၊ အပြေးအားကစား ပြုလုပ်မှု ဒေတာတွေကိုလည်း မှတ်ထားပေးနိုင်မှာပါ။ ရေစိုလည်း ခံနိုင်ပါတယ်။
Hey+ စမတ်လက်ပတ်ရဲ့နောက်ထပ် အမိုက်စား Feature တွေကတော့ ဖုန်းဝင်လာရင် သိနိုင်တာ၊ ဖုန်းကို ချပစ်လို့ရတာ၊ Display ကနေ ဖုန်းခေါ်ဆိုမှု ၁၀ ခုနဲ့ မက်ဆေ့ ၁၀ ခုကို ပြန်လည် ကြည့်ရှုနိင်တာ စတဲ့ Feature တွေ ဖြစ်ပါတယ်။ ဒါ့အပြင် Xiaomi Home Automation စနစ်နဲ့လည်း ချိတ်ဆက်ပြီး၊ အိမ်တွင်းစမတ် ပစ္စည်းတွေကို လက်ပတ်နဲ့တင် ထိန်းချုပ်နိုင်ပါသေးတယ်။
Hey+ စမတ်လက်ပတ်ရဲ့ ဈေးနှုန်းကတော့ ၂၂၉ ယွမ် (၃၃ ဒေါ်လာခန့်) သာ ရှိပြီး၊ တရုတ်နိုင်ငံတွင်းက YouPin ဝဘ်ဆိုဒ်ကနေ စက်တင်ဘာလ ၂၀ ရက်နေ့ စတင်ဝယ် ယူနိုင်ပြီဖြစ်ပါတယ်။
Ref: Gizbot, YouPin, TechPP