အမေရိကန်စစ်တပ်ဟာ Lockheed Martin ကုမ္ပဏီဆီကနေ ဒရုန်းဖျက် စွမ်းရည်မြင့် မိုက်ခရိုဝေ့ဖ် စနစ်ကို ဝယ်ယူဖို့ ကမ်းလှမ်းချက်ကို သြဂုတ်လ ၃ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
Lockheed Martin ဟာ အမေရိကန်လေတပ်အတွက် Self-Protect High Energy Laser Demonstrator (SHiELD) လို့ ခေါ်တဲ့ လေဆာစနစ်တခုကို တီထွင်ပေးခဲ့ဖူးတဲ့ ကုမ္ပဏီတခု ဖြစ်ပါတယ်။ လေယာဉ်မှာ တပ်ဆင်နိုင်တဲ့ အဆိုပါ စနစ်ဟာ ဒုံးကျည် တိုက်ခိုက်မှုတွေကို လေထဲမှာတင် ဖျက်ဆီးနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ထုတ်လုပ်ခဲ့တာဖြစ်ပြီး၊ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလမှာ ဒေါ်လာ ၂၆ သန်းတန် ဒီဇိုင်းဆု ချီးမြှင့်ခံခဲ့ရတဲ့ စနစ် ဖြစ်ပါတယ်။
ယခုမှာတော့ အမေရိကန်အစိုးရဟာ SHiELD စနစ်ကို အခြေခံပြီး၊ စွမ်းရည်မြင့် မိုက်ခရိုဝေ့ဖ်စနစ် (HPM) သုံး မောင်းသူမဲ့ လေကြောင်းရန် ကာကွယ်ရေးစနစ် (CUAS) ကို တီထွင်ပေးဖို့ Lockheed Martin ကုမ္ပဏီ တခုတည်းကို ကမ်းလှမ်းထားတာ ဖြစ်ပါတယ်။
CUAS စနစ်မှာ မိုက်ခရိုဝေ့ဖ်စနစ်ကို မောင်းသူမဲ့ လေယာဉ်တွေမှာ တပ်ဆင်ပြီး ရန်သူ ဒရုန်းတွေရဲ့ ဆက်သွယ်ရေး စနစ်တွေကို အဓိက ဖျက်ဆီး၊ ပစ်ချမှာ ဖြစ်ပါတယ်။ အမေရိကန်အစိုးရအနေနဲ့ တခြားဒရုန်းရှင်းလင်းရေး နည်းလမ်းတွေဖြစ်တဲ့ ပိုက်ကွန်၊ ဒရုန်းဖမ်းကြိုး၊ ဖောက်ခွဲရေး ပစ္စည်းတွေကိုလည်း မောင်းသူမဲ့ လေယာဉ်တွေမှာ ပြန်လည်တပ်ဆင်ပြီး လေကြောင်းအန္တရာယ် ကာကွယ်ဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။
ယခုနှစ်တွေမှာ ဒရုန်းတွေတဖြည်းဖြည်း ဈေးပိုနည်းလာတာနဲ့ အတူ ဒရုန်းအန္တရာယ်တွေကလည်း ပိုမိုမြင့်တက် လာလျက်ရှိပါတယ်။ ပြီးခဲ့တဲ့စနေနေ့ကလည်း ဗင်နီဇွဲလားသမ္မတကို အဝေးထိန်း ဖောက်ခွဲရေး ပစ္စည်းတွေ သယ်ဆောင်လာတဲ့ ဒရုန်းတွေနဲ့ လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားခဲ့တဲ့ ဖြစ်ရပ်တခု ဖြစ်ပွားခဲ့ပါသေးတယ်။
အဆိုပါ တိုက်ခိုက်မှုမှာ DJI ရဲ့ Matrice 600 လို့ ယူဆရတဲ့ ဒရုန်းတွေကို အသုံးပြုသွားခဲ့ပြီး၊ ဒရုန်းတခုစီမှာ C4 ဖောက်ခွဲရေးပစ္စည်း ၁ ကီလိုဂရမ်ဆီ သယ်ဆောင်လာတယ်လို့ ဇင်နီဇွဲလား လုံခြုံရေးတပ်က သတင်းထုတ်ပြန် ထားပါတယ်။ အဆိုပါ ဒရုန်းတွေကိုတော့ စနိုက်ပါတွေက ပစ်ချနိုင်ခဲ့တာကြောင့် ဗင်နီဇွဲလား သမ္မတမှာ ထိခိုက်မှု တစုံတရာ မရရှိခဲ့ပါဘူး။
Ref: The Verge, FBO, Slash Gear