Samsung Galaxy Unpacked ပွဲကတော့ သြဂုတ်လ ၉ ရက်နေ့မှာ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီ ဖြစ်ပါတယ်။ Galaxy Note 9 ကို အဓိကထား မိတ်ဆက်ခဲ့တဲ့ ပွဲဖြစ်ပေမယ့်၊ တခြား စိတ်ဝင်စားစရာ နည်းပညာအသစ် တွေနဲ့ Product အသစ်တွေကိုလည်း ဒီပွဲမှာ တခါတည်း မိတ်ဆက်သွားခဲ့ပါတယ်။
Galaxy Note 9
Galaxy Note ပရိတ်သတ်တွေ စောင့်မျှော်နေတဲ့ Galaxy Note 9 ကတော့ တရားဝင် ထွက်ရှိလာပါပြီ။ ပိုကြီးမားတဲ့ Display နဲ့ ဘက်ထရီ၊ AI နည်းပညာတွေ ပါဝင်လာတဲ့ Camera အသစ်၊ Bluetooth ချိတ်နိုင်ပြီဖြစ်တဲ့ S-Pen၊ 1TB အထိ ရရှိနိုင်မယ့် Storage တို့ပါဝင်လာပြီး၊ အားလုံးမျှော်လင့်ထားတဲ့အတိုင်း Fortnite for Android လည်း ပါလာမှာဖြစ်ပါတယ်။
Galaxy Note 9 ရဲ့ ပြည်တွင်းဈေးနှုန်းတွေကတော့ 6GB / 128GB ကို ၁,၃၉၉,၀၀၀ ကျပ်နဲ့ 8GB / 512 GB ကို ၁,၇၅၀,၀၀၀ ကျပ်တို့ ဖြစ်ပါတယ်။ Galaxy Note 9 သတင်းအပြည့်အစုံကို အောက်ပါ Link မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
Samsung Galaxy Note 9 ဖုန်းမှာ ဘယ်လို ထူးခြားမှုတွေ ပါဝင်လာမလဲ
Galaxy Watch
Galaxy Note 9 နဲ့အတူ ထွက်ရှိလာတဲ့ နောက်ထပ် Product အသစ်တခုကတော့ Galaxy Watch ဖြစ်ပါတယ်။ Samsung ဟာ စမတ်နာရီတွေမှာ Gear နာမည်ကို မသုံးတော့ဘဲ Galaxy နာမည်ကိုပဲ ပြောင်းသုံးလာတာ တွေ့ရပါတယ်။
Galaxy Watch ကို အရောင် ၃ ရောင်ရယ်၊ 42mm နဲ့ 46mm ဒိုင်ခွက် အရွယ်အစား ၂ မျိုးရယ် ရွေးချယ် ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ 42mm ကိုတော့ ၃၃၀ ဒေါ်လာနဲ့ ရောင်းချသွားမှာဖြစ်ပြီး၊ 46mm ကိုတော့ ၃၅၀ ဒေါ်လာနဲ့ ရောင်းချသွားမှာဖြစ်ပါတယ်။ Note 9 နဲ့ အတူတူ သြဂုတ်လ ၂၄ ရက်နေ့မှာ ထွက်ရှိလာမှာပါ။
Galaxy Watch မှာ Samsung ရဲ့ Tizen OS 4.0 ကို အသုံးပြုထားပြီး၊ Galaxy App Store ကနေ ဒိုင်ခွက်မျက်နှာပြင်ဒီဇိုင်း ၆၀,၀၀၀ ကျော်ကို ရွေးချယ်အသုံးပြုနိုင်မှာပါ။
Galaxy Watch မှာ LTE အသုံးပြုနိုင်ပြီဖြစ်ပြီး၊ Resolution အမြင့်စား AMOLED touch Display ၊ Gorilla DX+ မှန်သားနဲ့ ရေစိုခံနိုင်မှုစွမ်းရည်တို့ ပါဝင်လာမှာဖြစ်ပါတယ်။ Samsung ရဲ့ အဆိုအရ Galaxy Watch ကို အားတခါသွင်းပြီးရင် ရက်တော်တော်ကြာအသုံးပြုနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
စမတ်နာရီတွေမှာ ပါနေကျဖြစ်တဲ့ ကျန်းမာရေးဆိုင်ရာ Features တွေလည်း ပါဝင်လာမှာပါ။ လေ့ကျင့်ခန်းလုပ်တဲ့အခါ အလိုလိုသိရှိနိုင်သလို၊ နှလုံးခုန်နှုန်းရုတ်တရက်မြင့်တက်လာရင်လည်း သတိပေးနိုင်မှာဖြစ်ပါတယ်။
Wireless Charger Duo
Qi စနစ်သုံး ကြိုးမဲ့အားသွင်းစနစ်ပါတဲ့ Device နှစ်ခုကို တပြိုင်တည်း အားသွင်းပေးနိုင်တဲ့ Samsung ရဲ့ Wireless Charger အသစ်ဖြစ်ပါတယ်။ Galaxy Note 9 ကော Galaxy Watch ကော နှစ်ခုလုံးကို တပြိုင်တည်း အားသွင်းပေးနိုင်မှာပါ။ ၁၅ ဝပ်အားအထိ ထုတ်ပေးနိုင်ပြီး၊ ဈေးနှုန်းနဲ့ ထွက်မယ့်ရက်ကိုတော့ မသိရသေးပါဘူး။
Galaxy Home စမတ်စပီကာ
Samsung အနေနဲ့ Bixby သုံး စမတ်စပီကာတခုကို ထုတ်ဖို့ လုပ်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်နေတာ နှစ်နဲ့ချီ ကြာမြင့်ခဲ့ပါပြီ။ မနေ့ညက ကျင်းပခဲ့တဲ့ Unpacked ပွဲမှာတော့ အဆိုပါ စမတ် စပီကာကို အမှန်တကယ် တွေ့မြင်ခဲ့ရပြီဖြစ်ပြီး၊ Galaxy Home လို့ နာမည်ပေးထားပါတယ်။
Galaxy Home ဟာ တခြားစမတ်စပီကာတွေနဲ့ ဒီဇိုင်းပိုင်း အကြမ်းဖျဉ်း တူတယ်ဆိုပေမယ့်၊ ထူးခြားချက် တခုကတော့ အောက်မှာ ခြေထောက်သုံးချောင်း ပါဝင်မှာဖြစ်ပါတယ်။ Bixby ပါဝင်တာကြောင့် “Hey Bixby” လို့ခေါ်ပြီး သီချင်းဖွင့်ခိုင်းတာ၊ မိုးလေဝသဖတ်ခိုင်းတာ စတဲ့ Digital Assistant တယောက်ရဲ့ လုပ်ဆောင်ရည်တွေ အကုန်လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။
Galaxy Home မှာ Far-field မိုက်ခရိုဖုန်း ၈ လုံး၊ AKG က အသံချိန်ညှိပေးထားတဲ့ စပီကာ ၆ လုံး နဲ့ Subwoofer ၁ လုံးတို့ ပါရှိမှာပါ။ Galaxy Home နဲ့ ပတ်သတ်တဲ့ အချက်အလက်တွေကို နိုဝင်ဘာကျမှ အပြည့်အစုံ မိတ်ဆက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
Bixby တိုးတက်မှုများ
Samsung ဟာ Unpacked ပွဲမှာ Product မဟုတ်ဘဲ၊ Software service တချို့ကိုလည်း ကြေညာခဲ့ပါတယ်။ အဓိကကတော့ Samsung ရဲ့ ကိုယ်ပိုင် Digital Assistant ဖြစ်တဲ့ Bixby ဖြစ်ပြီး၊ စွမ်းဆောင်ရည်ပိုမိုမြင့်မားလာကာ၊ စကားပြော ပိုပြေပြစ်လာပြီး ပိုင်ရှင်အကြောင်း ပိုမိုသိရှိလာပြီ ဖြစ်ပါတယ်။
ဥပမာအားဖြင့် စားသောက်ဆိုင်တွေရှာတဲ့အခါ ပိုင်ရှင်က ဘယ်လိုအစားအစာ ပိုကြိုက်လဲဆိုတာ သိရှိမှာဖြစ်ပြီး၊ သက်ဆိုင်ရာ စားသောက်ဆိုင်တွေကို ဦးစားပေးပြပေးမှာဖြစ်ပါတယ်။ အရင်က ဘွတ်ကင်ယူခဲ့တာတွေကို ပြန်ကြည့်ပြီး၊ အလိုအလျောက် ဘွတ်ကင် ယူပေးနိုင်ဦးးမှာပါ။
Samsung နဲ့ Spotify လက်တွဲမှု
Bixby မှာ Spotify အကောင့်ကို ချိတ်နိုင်ပြီဖြစ်ပြီး၊ Bixby ကို သီချင်းဖွင့်ခိုင်းရင် Default အနေနဲ့ Spotify ကို ထားထားလို့ ရပြီဖြစ်ပါတယ်။ စမတ်ဖုန်းတွေတင်မကဘဲ အခုမိတ်ဆက်ခဲ့တဲ့ Galaxy Home စပီကာနဲ့ Samsung TV တွေမှာလည်း သုံးလို့ရမှာဖြစ်ပါတယ်။
Fortnite for Android
သတင်းတွေ ကြိုထွက်ထားသလိုပဲ Galaxy Note 9 မှာ “Fortnite for Android” ပါဝင်လာမှာပါ။ Note 9 တလုံးတည်းတော့ မဟုတ်ဘဲ “Galaxy Note 9, Galaxy S9 and S9 Plus, Galaxy Note 8, Galaxy S8 and S8 Plus, Galaxy S7 and S7 Edge, Galaxy Tab S4, Galaxy Tab S3” စတဲ့ Flagship Samsung ဖုန်း၊ တက်ဘလက်တွေ အားလုံးမှာ အခုရက်ပိုင်းအတွင်း Beta စတင် ရရှိမှာ ဖြစ်ပါတယ်။
တခုရှိတာက တခြား Supported Android ဖုန်းတွေမှာလည်း မကြာခင်ရက်ပိုင်းအတွင်း Fortnite ရရှိမှာဖြစ်တယ်လို့ ဆိုထားပါတယ်။ ရက်အတိအကျတော့ မပြောထားပေမယ့်၊ Galaxy Note 9 က သြဂုတ်လ ၂၄ ရက်နေ့မှ ဈေးကွက်ထဲရောက်လာမှာဆိုတော့ Note 9 မထွက်လာခင်တောင် တချို့ Android ဖုန်းတွေမှာ Fortnite ရနေဖို့ ရှိပါတယ်။ ဒါပေမယ့် Note 9 ဝယ်သူတွေကတော့ Fortnite ဂိမ်းထဲက Skin အသစ်ဖြစ်တဲ့ “Galaxy” skin ကို ရရှိမှာပါ။ Pre-Order မှာရင် V-bucks ၁၅,၀၀၀ လည်း ရဦးမှာဖြစ်ပါတယ်။
Ref: Cnet, The Verge, ZD Net, Digital Trends