မကြာခင် ၂ လ၊ ၃ လအတွင်း YouTube ဟာ Facebook ကို ကျော်တက်ပြီး အမေရိကန်နိုင်ငံရဲ့ ထိပ်တန်း Website စာရင်းမှာ ဒုတိယနေရာ ရောက်လာနိုင်တယ်လို့ SimilarWeb ရဲ့ လေ့လာချက်မှာ ဖော်ပြထားပါတယ်။
လွန်ခဲ့တဲ့နှစ်တွေအတွင်း အမေရိကန်နိုင်ငံရဲ့ လူကြည့်အများဆုံး ထိပ်တန်း Website စာရင်းမှာ Google ၊ Facebook ၊ YouTube ၊ Yahoo နဲ့ Amazon တို့ကပဲ အစဉ်လိုက် နေရာယူထားခဲ့ပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ ၂ နှစ်အတွင်း Facebook ဟာ လစဉ်ဝင်ရောက်ကြည့်ရှုမှု Page Visits မှာ ၈ ဒဿမ ၅ ဘီလီယံကနေ ၄ ဒဿမ ၇ ဘီလီယံအထိ သိသိသာသာ ထိုးဆင်းကျသွားခဲ့တာ တွေ့ရပါတယ်။
Application အသုံးပြုမှုတက်လာပေမယ့်၊ ဒီလောက်များပြားတဲ့ပမာဏကို ကာမိဖို့ အတွက် မလုံလောက်ဘူးလို့ SimilarWeb ရဲ့ လေ့လာချက်မှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့လမှာလည်း Facebook ကုမ္ပဏီကိုယ်တိုင်က နေ့စဉ်အသုံးပြုတဲ့ အသုံးပြုသူ ပမာဏဟာ မြောက်အမေရိကမှာ မဆုတ်၊ မတိုး ရှိနေပြီး၊ ဥရောပမှာတော့ ကျဆင်းသွားကြောင်း ဝန်ခံ ေ့ပြာကြားခဲ့ပါတယ်။ ဒီနှုန်းအတိုင်း ဆက်သွားမယ်ဆိုရင် နောက် ၂ လ၊ ၃ လအတွင်းမှာတင် Facebook ဟာ YouTube အောက် ရောက်သွားတော့မှာ ဖြစ်ပါတယ်။
Facebook အသုံးပြုမှု ကျဆင်းလာပေမယ့်၊ ကုမ္ပဏီမှာ တခြားမှီခိုအားထားစရာ WhatsApp တို့ Instagram တို့တော့ ရှိနေသေးတယ်လို့ ယခုလေ့လာမှုကို ဦးဆောင်ပြုလုပ်ခဲ့သူ Stephen Kraus က ဆိုပါတယ်။
Google အပိုင်ဖြစ်တဲ့ YouTube ကတော့ website မှာလည်း ဝင်ရောက်ကြည့်ရှုမှု ပိုများသလို၊ App မှာလည်း ကြည့်ရှုသူအရေအတွက် တိုးလာတယ်လို့ သိရပါတယ်။ ဒီအခြေအနေကြောင့် YouTube ဟာ Facebook ကို ကျော်ပြီး နံပါတ် ၂ နေရာရောက်လာနိုင်ကာ US ထိပ်တန်း website စာရင်းမှာ အဓိကပြောင်းလဲမှုကြီးတခုကို တွေ့မြင်ရတော့မှာပါ။
Facebook နည်းတူ Yahoo ဟာလည်း အဆင့်ကျဆင်းလာပြီး၊ မကြာခင်က Prime Day အရောင်း ပွဲတော် ပြုလုပ်ခဲ့တဲ့ Amazon ကုမ္ပဏီက Yahoo ကို ကျော်တက်သွားခဲ့ပြီးဖြစ်ပါတယ်။
US ထိပ်တန်း Website စာရင်းမှာ Google ကတော့ ထိပ်ဆုံးနေရာကမှာ ကျန် Website ၄ ခုနဲ့ အပြတ်အသတ် အကွာကနေ ဦးဆောင်နေပါတယ်။ Google ရဲ့ လာရောက်မှုအရေအတွက်ဟာ ၂၀၁၈ ဇူလိုင်လမှာတင် လာရောက်သူပေါင်း ၁၅ ဘီလီယံအထိ ရှိခဲ့ပြီး ကျန် Website ၄ ခုကတော့ အများဆုံး ၅ ဘီလီယံအထိသာ ရှိကြပါတယ်။
SimilarWeb ရဲ့ တကမ္ဘာလုံးဆိုင်ရာ ထိပ်တန်း Website စာရင်းမှာတော့ Google, YouTube, Facebook, Baidu နဲ့ Yahoo တို့က အစဉ်လိုက် ရပ်တည်လျက် ရှိပါတယ်။
Ref: CNBC, SimilarWeb