Apple ရဲ့ Mac Hardware Engineering ဌာနမှူးဟောင်းဖြစ်သူ Doug Field ဟာ Tesla ကို ငါးနှစ်တာ ပြောင်းရွှေ့သွားခဲ့ပြီးနောက် အခုအခါ Apple ကုမ္ပဏီကို ပြန်လည်ရောက်ရှိလာပြီဖြစ်ပါတယ်။
Doug Field ဟာ Apple ရဲ့ မောင်းသူမဲ့ကားပရောဂျက်ဖြစ်တဲ့ Project Titan မှာ တာဝန်ထမ်းဆောင်ဖို့ ပြန်လည်ရောက် ရှိလာတာ ဖြစ်တယ်လို့လည်း သတင်းထွက်နေပါတယ်။
Apple ကုမ္ပဏီတွင်းက အမည်မဖော်လိုသူတွေရဲ့ သတင်းပေးချက်အရ Doug Field ဟာ Apple ကုမ္ပဏီကနေ ၂၀၁၂ ခုနှစ်မှာ အနားယူခဲ့တဲ့ Bob Mansfield နဲ့ အတူလက်တွဲပြီး မောင်းသူမဲ့ကားပရောဂျက်ကို ဦးဆောင်ရမှာဖြစ်တယ်လို့ သိရပါတယ်။
သူတို့နှစ်ဦးဟာ အရင်တုန်းကလည်း Mac ကွန်ပျူတာတွေရဲ့ Engineering အပိုင်းမှာ အတူတကွ တာဝန်ထမ်းဆောင်ခဲ့ဖူးသူတွေ ဖြစ်ပါတယ်။
Doug Field ဟာ Apple မှာ ရှိစဉ်တုန်းက iMac, MacBook Air နဲ့ MacBook Pro တို့ရဲ့ ဒီဇိုင်းပြောင်းလဲမှုနဲ့ Hardware ထုတ်လုပ်မှုအပိုင်းတို့ကို ဦးဆောင်ခဲ့သူဖြစ်ပါတယ်။ အမိုက်စားကားတွေ ဖန်တီးထုတ်လုပ်ဖို့ ရည်ရွယ်ချက်နဲ့ ၂၀၁၃ ခုနှစ်မှာ Tesla ကုမ္ပဏီကို ပြောင်းရွှေ့သွားခဲ့ပါတယ်။
Field ဟာ Tesla လျှပ်စစ်ကားကုမ္ပဏီမှာ ငါးနှစ်တာ တာဝန်ထမ်းဆောင်ခဲ့ပြီး၊ Tesla CEO Elon Musk ရဲ့ အားကိုးအားထားပြုရသူတဦးလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဧပြီလတုန်းက Elon Musk ဟာ Field ကို ကုမ္ပဏီရဲ့ Engineering and Production အပိုင်းကို ဦးစီးပေးဖို့ကမ်းလှမ်းခဲ့ကြောင်း Twitter မှာ ရေးသားခဲ့ပါသေးတယ်။
ဒါပေမယ့် မေလအရောက်မှာတော့ Field တယောက် Tesla က ထွက်သွားပြီဆိုတဲ့ သတင်းတွေ ထွက်လာခဲ့ပြီး၊ ဇူလိုင်လမှာတော့ Field နှုတ်ထွက်သွားပြီဖြစ်ကြောင်း Tesla ကုမ္ပဏီက ကြေညာခဲ့ပါတယ်။
Apple ဟာ Project Titan လို့ နာမည်ပေးထားတဲ့ မောင်းသူမဲ့ကားပရောဂျက်ကို လုပ်ဆောင်နေတာ အခုဆိုရင် နှစ်အတော်ကြာမြင့်နေပြီဖြစ်ပေမယ့်၊ ဒီပရောဂျက်အကြောင်း တစွန်းတစလောက်ပဲ ထုတ်ပြောဖူးပါတယ်။
ဒါပေမယ့် ကုမ္ပဏီဟာ မောင်းသူမဲ့ကားတစီးကို အစအဆုံး ကိုယ်တိုင်ထုတ်လုပ်ဖို့ အစီအစဉ်တွေကိုတော့ လက်လျော့လိုက်ပုံရပြီး၊ မောင်းသူမဲ့နည်းပညာပိုင်းကိုပဲ အာရုံစိုက်လုပ်ဆောင်သွားဖွယ်ရှိပါတယ်။
Ref: Autoblog, Venture Beat