IT

လူပြောများသည့် စမတ်ဖုန်းဘက်ထရီဆိုင်ရာ အယူအဆမှားများ

Want create site? Find Free WordPress Themes and plugins.

ဖုန်းကိုင်ဆောင်သူတိုင်းလိုလို ဖုန်းဘက်ထရီနဲ့ ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန် အချက်တွေကို ဖတ်ဖူး၊ ကြားဖူးကြမှာပါ။ ဖုန်းကို တညလုံးအားမသွင်းရဘူး၊ အားကုန်အောင် သုံးပြီးမှ အားပြန်သွင်းသင့်တယ် စတဲ့ အချက်တွေဆိုရင် လူပြော အများဆုံးဖြစ်ပြီး၊ အမှန်တကယ် လိုက်နာကျင့်သုံးနေကြသူလည်း အများအပြားရှိပါတယ်။

ဒါပေမယ့် ဒီဆောင်ရန်၊ရှောင်ရန်တွေဟာ အမှန်တကယ် သိပ္ပံနည်းကျလေ့လာစမ်းသပ်ထားတဲ့ အချက်အလက်တွေလား၊ ယုံတမ်းစကား သက်သက်ပဲလား ဆိုတာကတော့ ခွဲခြားသိရှိနိုင်ဖို့ ခဲယဉ်းပါတယ်။

အောက်ဖော်ပြပါ အချက်တွေကတော့ စမတ်ဖုန်းကျွမ်းကျင်သူပညာရှင်တွေက ပြန်လည်ဖြေရှင်းထားတဲ့ လူပြောအများဆုံး ဖုန်းဘက်ထရီဆိုင်ရာ အယူအဆမှားတွေဖြစ်ပါတယ်။

၁။ တညလုံး ဖုန်းအားသွင်းထားရင် Overload ဖြစ်ပြီး အန္တရာယ်ရှိတယ်

လူပြောအများဆုံး အချက်တခုဖြစ်ပါတယ်။ ဒါပေမယ့် အပြည့်အဝ မမှန်ပါဘူး။ ဒီဘက်ခေတ်မှာ စမတ်ဖုန်းတွေဟာ ပို ‘စမတ်’ ဖြစ်လာတာကြောင့် Overload လို့ခေါ်တဲ့ လျှပ်စစ်အားလွန်ကဲမှု မဖြစ်အောင် အလိုလိုတားဆီးပေးနိုင်ပါတယ်။

ဖုန်း၊ Tabletနဲ့ လက်ပ်တော့တိုင်းလိုလိုမှာ ဘက်ထရီ ၁၀၀ ရာခိုင်နှုန်း ပြည့်သွားတာနဲ့ လျှပ်စစ်အားကို အလိုလိုဖြတ်တောက်ပေးတဲ့ Protection Chip တွေ ပါဝင်ပါတယ်။ အဆိုပါ Chip တွေဟာ ဖုန်းအားပြည့်သွားပြီဆိုတာနဲ့ လုံးဝအားဆက်မသွင်းပေးတော့ပါဘူး။

တနာရီကနေ ၂ နာရီလောက်အထိ အားဖြတ်ထားလိုက်တဲ့အခါ ဖုန်းဘက်ထရီက ၉၉ ပြန်ရောက်သွားပါတယ်။ ဒီအခါ အားပြန်သွင်းပေးပြီး၊ ပြည့်သွားရင် အလိုလိုထပ်ဖြတ်ပေးမှာဖြစ်ပါတယ်။

အခုဆို ဒီနည်းပညာကို ဖုန်းတွေတင်မဟုတ်ဘဲ ဈေးကွက်တွင်းက ၅၀၀၀ လောက်တန် ဖုန်း Charger ခေါင်းတွေမှာတောင် တွေ့နေရပြီ ဖြစ်ပါတယ်။ ဒါပေမယ့် တခုသတိထားရမှာက ဒီလိုလုပ်တာက ဖုန်းဘက်ထရီသက်တမ်းကိုတော့ အနည်းငယ် လျော့ကျစေပါတယ်။ (ဖုန်း ဘက်ထရီသက်တမ်းကို အောက်မှာ ရှင်းပြပေးထားပါတယ်။)

ပြီးတော့ ဖုန်းကို အပူလှောင်ပိတ်မယ့် နေရာမျိုးမှာ ထားပြီး တညလုံး အားသွင်းတာမျိုး လုပ်မယ်ဆိုရင်တော့ အပူစွန့်ထုတ်မှုကောင်းကောင်း မလုပ်နိုင်တဲ့အတွက် အပူလွန်ကဲတတ်ပါတယ်။ မီးထစွဲရလောက်အောင်တော့ မပူနိုင်ပါဘူး။

၂။ အားကုန်အောင် သုံးပြီးမှ အားသွင်းသင့်တယ်

Nickel-cadmium ဒါမှမဟုတ် Nickel-metal hydride ဘက်ထရီတွေမှာဆိုရင်တော့ ဒီအချက်က မှန်ပါတယ်။ အရင်တုန်းက ဘက်ထရီတွေဟာ သူတို့အားအပြည့်ဘယ်လောက်ဆံ့တယ်ဆိုတဲ့ Capacity ကို ‘မေ့သွားတဲ့အတွက်’ အားအပြည့်ပြန်သွင်းလို့ မရတော့တာမျိုးတွေ ဖြစ်တတ်ပါတယ်။ Memory loss ဖြစ်တယ်လို့ ခေါ်ကြပါတယ်။ ဒါကြောင့် ဖုန်း Capacity အပြည့်ပြန်သွင်းနိုင်ဖို့အတွက် ၀ ရာခိုင်နှုန်းအထိ အားအကုန်သုံးပြီးမှ အားပြန်သွင်းရတာမျိုး လုပ်ခဲ့ကြရပါတယ်။

ဒါပေမယ့် စမတ်ဖုန်းတွေမှာ သုံးထားတဲ့ Lithium-ion ဘက်ထရီတွေကတော့ အဆိုပါဘက်ထရီတွေလို မမ်မိုရီပြဿနာ မျိုးတွေမရှိပါဘူး။ ပြီးတော့ အားသွင်းမှုပုံစံကို တွက်တာလည်း ကွာတဲ့အတွက်ကြောင့် အားအကုန်သုံးပြီးမှ အားပြန်သွင်းစရာ မလိုပါဘူး။

ဒါပေမယ့် ဖုန်းနဲ့ လက်ပ်တော့ထုတ်လုပ်သူ ကုမ္ပဏီတွေဟာ သုံးလတကြိမ်လောက် ဘက်ထရီကို ပုံမှန် ‘Calibrate’ လုပ်ပေးသင့်ကြောင်း အကြံပေးထားပါတယ်။ ဘာလို့လည်းဆိုတော့ Lithium-ion ဘက်ထရီတွေဟာ ဘက်ထရီသက်တမ်းကြာလာတာနဲ့ အမျှ Capacity လည်း နည်းနည်းလေးစီ လျော့လာတာကြောင့် ဖြစ်ပါတယ်။

ဒီအခါ Operating System က ဘက်ထရီ Capacity အမှန်ကို ချိန်ညှိဖော်ပြနိုင်ဖို့အတွက် Calibrate ပြန်လုပ်ပေးရတာ ဖြစ်ပါတယ်။ အခုနောက်ပိုင်း ဘက်ထရီတွေမှာ ဆိုရင် Digital Calibration tool တွေ တခါတည်း ပါဝင်လာပြီ ဖြစ်တာကြောင့် လူကိုယ်တိုင်တောင် လုပ်စရာမလိုတော့ပါဘူး။

ဘက်ထရီရာခိုင်နှုန်းပြတာ ထူးထူးဆန်းဆန်းတွေ ( ဥပမာ ခုလေးတင် ၁၀၀ ပြည့်အားသွင်းထားပေမယ့်၊ ၅၀ ရာခိုင်နှုန်းလောက် ပြန်ရောက်သွားတာမျိုး) ဖြစ်နေရင်တော့ Calibrate လုပ်ကြည့်သင့်ပါတယ်။

၃။ နှစ်ကြာလာတာနဲ့အမျှ ဘက်ထရီသက်တမ်း လျော့လာတယ်

ဖုန်းဘက်ထရီတွေရဲ့ သက်တမ်းတွက်ချက်ပုံဟာ နှစ်၊လ၊ ရက်တွေနဲ့ တိုက်ရိုက်မပတ်သက်ပါဘူး။ Lithium-ion ဘက်ထရီတွေရဲ့ သက်တမ်းကို Charge Cycle လို့ခေါ်တဲ့ အားသုံးမှုအပတ်ရေနဲ့ တွက်ချက်ပါတယ်။ ဖုန်း Capacity ရဲ့ ၁၀၀ ရာခိုင်နှုန်းကို တခါအပြည့်သုံးပြီးရင် တပတ်ရေ (1 Charge Cycle) ဆိုပြီး တွက်ပါတယ်။ Apple က ရှင်းပြထားတာက ပိုနားလည်လွယ်မှာပါ။ Apple ဘက်ထရီတင်မဟုတ်၊ Lithium-ion ဘက်ထရီတိုင်း ထိုနည်းလည်းကောင်းပါပဲ၊

“ Apple lithium-ion ဘက်ထရီကို ကြိုက်တဲ့အချိန် အားသွင်းနိုင်ပါတယ်။ အားပြန်သွင်းဖို့အတွက် ၁၀၀ ရာခိုင်နှုန်း အကုန်သုံးစရာမလိုပါဘူး။

Apple lithium-ion ဘက်ထရီတွေဟာ Charge Cycleနဲ့ အလုပ်လုပ်တာဖြစ်ပါတယ်။ ဖုန်းဘက်ထရီအားပမာဏရဲ့ ၁၀၀ ရာခိုင်နှုန်းကို တခါသုံးပြီးရင် Charge cycle တခုပါ။ တခါတည်း အကုန်သုံးရမယ်လို့ မဆိုလိုပါဘူး။

ဥပမာ ဘက်ထရီက 3,000mAh ဆံ့တယ်ဆိုရင် ဒီနေ့မှာ ၇၅ ရာခိုင်နှုန်း (2250mAh) သုံးပြီး၊ အားအပြည့်ပြန်သွင်းလိုက်တယ်။ နောက်နေ့မှာ 3,000mAh ရဲ့ ၂၅ ရာခိုင်နှုန်း (750mAh) သုံးလိုက်မယ်ဆိုရင် ဘက်ထရီ ၁၀၀ ရာခိုင်နှုန်း တခါသုံးလိုက်တာ ဖြစ်ပါတယ်။ Charge Cycle တခုပါ။ ဒီမှာဆိုရင် ၂ ရက်ပေါင်းမှ 1 Charge Cycle ဖြစ်ပါတယ်။”

Charge Cycle တွက်ချက်ပုံ

ဒီတော့ Lithium-ion ဘက်ထရီတွေကို ကြိုက်တဲ့အချိန် ကြိုက်သလို အားသွင်းနိုင်သလို၊ ဘက်ထရီသက်တမ်းဆိုတာ နှစ်နဲ့ မဆိုင်ဘူးဆိုတာ နားလည်နိုင်ပါတယ်။ ဘက်ထရီသက်တမ်းပိုခံအောင် ၀ ရာခိုင်နှုန်းအထိ သုံးပြီးမှ ပြန်သွင်းစရာလည်း မလိုပါဘူး။

Charge Cycle တခါပြည့်ပြီးသွားတိုင်း ဘက်ထရီအားပမာဏ မဆိုစလောက်လေး လျော့လျော့သွားတာတော့ ရှိပါတယ်။ ဘက်ထရီတွေ ကြာလာရင် အားကုန်မြန်တယ်ဆိုတာ ဒါကြောင့် ဖြစ်ပါတယ်။ Charge Cycle အရမ်းများလာရင်တောင် နဂိုဘက်ထရီ Capacity ရဲ့ ၇၀ ကနေ ၈၀ ရာခိုင်နှုန်းလောက်အထိတော့ ဆက်ထိန်းထားနိုင်ပါတယ်။

အထက်ဖော်ပြပါ အချက် ၃ ချက်ကတော့ လူပြောအများဆုံးနဲ့ အများစု ယုံကြည်လက်ခံထားကြတဲ့ စမတ်ဖုန်းဘက်ထရီ ဆိုင်ရာ အယူအဆအမှားတွေ ဖြစ်ပါတယ်။ အားသွင်းရင်း ဖုန်းသုံးရင် ထပေါက်နိုင်တယ် ဆိုတာတွေ၊ Bluetooth တွေ Wi-Fi တွေ ပိတ်လိုက်ရင် ဘက်ထရီ သိသိသာသာ ပိုခံလာတယ်ဆိုတဲ့ အချက်တွေကလည်း ယုံတမ်းစကားတွေပဲ ဖြစ်ပါတယ်။

Ref: PC Mag, Android Authority, Life Hacker

Did you find apk for android? You can find new Free Android Games and apps.
Loading