ယခုနှစ် စမတ်ဖုန်းဈေးကွက်အတွင်းမှ ဒီဇိုင်းပြောင်းလဲမှုတွေကို အများဆုံးလုပ်နေတဲ့ကုမ္ပဏီက Oppo လို့ တောင် ဆိုနိုင်ပါတယ်။
Android ဖုန်းထုတ်လုပ်သူအကုန်လုံးလိုလို Notch ဒီဇိုင်းဘက်ကို ကူးပြောင်းနေချိန်မှာ Oppo ဟာ ဆန်းသစ်တဲ့ ဒီဇိုင်းနဲ့ Find X စမတ်ဖုန်းကို ထုတ်ပြခဲ့ပြီး အားလုံးကို မှင်တက်စေခဲ့ပါတယ်။ အခုလည်း Notch အသေးဆုံးဖုန်းဖြစ်တဲ့ R17 ကို Oppo ကနေ ထပ်မံ မိတ်ဆက်လိုက်ပြန်ပါပြီ။
တရုတ်နိုင်ငံရဲ့ Oppo website မှာ တရားဝင်တင်ထားပြီဖြစ်တဲ့ Oppo R17 ဖုန်းဟာ Notch ဒီဇိုင်းဘက်ကို ပြန်သွားထား ပေမယ့် အသေးဆုံး Notch ဖြစ်အောင် ဒီဇိုင်းထုတ်ထားတဲ့ဖုန်းဖြစ်ပါတယ်။ Notch ကို စတင်ခဲ့တဲ့ Essential-PH1 ဖုန်းက Notch ပုံစံမျိုးနဲ့ ဆင်တူပေမယ့်၊ မဆိုစလောက်လေး ပိုသေးပါတယ်။ R17 ဖုန်းမှာ ၆.၄ လက်မအရွယ် AMOLED Display ကို အသုံးပြုထားပြီး၊ FullHD+ Resolution ရှိပါတယ်။
ဖုန်းဘေးဘက်မှာ ဘောင်လုံးဝမရှိသလောက်ဖြစ်ပြီး၊ အပေါ်ဘက် Notch နေရာမှာတော့ စပီကာ (Earpiece) နဲ့ ရှေ့ကင်မရာတလုံးတို့ကိုပဲ ထည့်သွင်းထားတာ တွေ့ရပါတယ်။ Display အောက်မှာ ၄ စတုရန်းမီလီမီတာအရွယ်အစား ရှိတဲ့ လက်ဗွေရာဆန်ဆာကို ထည့်ထားပြီး 3MP Micro Lens နဲ့ Display အောက်ကနေ လက်ဗွေရာကို အလင်းထိုးပြီး ဖတ်မှာဖြစ်ပါတယ်။ R17 ဖုန်းမှာ သတင်းတွေကြိုထွက်ခဲ့သလို Gorilla Glass 6 ကို ပထမဆုံးအသုံးပြုထားတာလည်း တွေ့ရပါတယ်။
Website မှာ ဖော်ပြထားချက်အရ R17 ဖုန်းမှာ လွန်ခဲ့တဲ့ တပတ်ကတင် မိတ်ဆက်ခဲ့တဲ့ 10nm Snapdragon 670 Chipset ကို အသုံးပြုထားပြီး၊ 8GB RAM နဲ့ 128GB Storage တို့ ပါဝင်လာမှာပါ။ ရှေ့ကင်မရာအတွက် F7 ဖုန်းမှာ စတင်အသုံးပြုခဲ့ပြီး၊ Find X ဖုန်းမှာလည်း သုံးထားတဲ့ 25MP, f/2.0 ကင်မရာဆန်ဆာကို ထပ်မံ အသုံးပြုထားပါတယ်။

ရှေ့ကင်မရာတလုံးတည်းဆိုပေမယ့်၊ AI စွမ်းဆောင်ရည်နဲ့ Portrait mode တွေရိုက်နိုင်မှာပါ။ နောက်ကင်မရာနှစ်လုံး တွဲရဲ့ Specs အတိအကျကို မသိရသေးပေမယ့်၊ မြင်ကွင်းရှုခင်းပေါင်း ၈၀၀ အထိ သိရှိနိုင်တဲ့ AI စွမ်းဆောင်ရည် ပါဝင်လာမှာဖြစ်တယ်လို့တော့ ဖော်ပြထားပါတယ်။
Oppo R17 ဖုန်းမှာ ငါးမိနစ်အားသွင်းရုံနဲ့ ၂ နာရီလောက် ဖုန်းပြောလို့ရမယ့် VOOC အားအမြန်သွင်းစနစ်လည်း ပါဝင်လာမှာဖြစ်ပြီး၊ 3,500mAh ဘက်ထရီကို သုံးထားပါတယ်။ Android 8.1 Oreo အခြေခံ Color OS 5.2 ၊ USB Type-C တို့နဲ့ Oppo R17 ဖုန်းကို Stream Blue နဲ့ Neon Purple ဆိုပြီး ကာလာ ၂ မျိုး ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။
Stream Blue ကတော့ အလင်းရောင်ထိုးတဲ့အပေါ် မူတည်ပြီး အစိမ်းနဲ့ အပြာ ပြေးနေမယ့် ကာလာဖြစ်ပြီး၊ Neon Purple ပန်းခရမ်းရောင်နဲ့ ခရမ်းရင့်ရောင်နှစ်မျိုး စပ်သုံးထားတဲ့ ကာလာဖြစ်ပါတယ်။
Oppo R17 ဖုန်းရဲ့ ဈေးနှုန်းကိုတော့ သြဂုတ်လ ၁၈ ရက်နေ့ Flash Sale စတင်ရောင်းချမယ့်အချိန်မှ တရားဝင် မိတ်ဆက်သွားမှာဖြစ်ပါတယ်။
Oppo ဟာ ဒီလပိုင်းအတွင်းမှာ R17, R17 Pro, F9 နဲ့ F9 Pro ဆိုပြီး ဖုန်းအသစ်လေးမျိုး မိတ်ဆက်သွားဖို့ရှိပြီး၊ အဆိုပါဖုန်းမော်ဒယ်အကုန်လုံးမှာ ယခု Notch ဒီဇိုင်းအသစ်ကို အသုံးပြုသွားဖို့ ရှိနေပါတယ်။
Ref: XDA Developers, GSM Arena, Gadgets NDTV