IT

၂၇၀-ဒီဂရီ ရုပ်ရှင်ပိတ်ကား နည်းပညာသစ်ကို UK မှာ စတင်ဖွင့်လှစ်

Want create site? Find Free WordPress Themes and plugins.

UK ရဲ့ အကြီးဆုံး ရုပ်ရှင်ရုံ လုပ်ငန်းစုဖြစ်တဲ့ Cineworld ဟာ ScreenX နည်းပညာသုံး ရုပ်ရှင်ပိတ်ကား စနစ်အသစ်ကို UK မှာ ပထမဆုံးအကြိမ်အဖြစ် စတင်ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။

 

 

ရုပ်ရှင်ကားထဲ ဝင်ရောက်ကြည့်ရှုနေရသလို သက်ဝင်ခံစားနိုင်မယ့် ScreenX နည်းပညာကို တောင်ကိုရီးယား ကုမ္ပဏီတခုဖြစ်တဲ့ CJ 4DPLEX က ဖန်တီးပေးထားတာဖြစ်ပြီး၊ The 02 Arena က Cineworld Greenwich ရုပ်ရှင်ရုံမှာ အရင် တပ်ဆင်သွားမှာ ဖြစ်ပါတယ်။

UK အနှံ့က နောက်ထပ် ရုပ်ရှင်ရုံပေါင်း ၁၀၀ ကျော်မှာလည်း ထပ်မံတပ်ဆင်သွားဖို့ ရှိတယ်လို့ သိရပါတယ်။ ပုံမှန် ရုပ်ရှင်ရုံတခုမှာ ပိတ်ကားပေါ် ပရိုဂျက်တာတလုံးပဲ ထိုးပြတာ ဖြစ်ပေမယ့်၊ ScreenX စနစ်မှာတော့ ပရိုဂျက်တာပေါင်း ၅ လုံးအထိ အသုံးပြုသွားမှာ ဖြစ်ပါတယ်။

ရုပ်ရှင် ဇာတ်ဝင်ခန်းတွေကို အပြည့်အဝခံစားနိုင်ဖို့အတွက် အဓိက ပိတ်ကားမှာ ပရိုဂျက်တာ ၁ လုံး ထိုးပြီး၊ ကျန် ၄ လုံးကိုတော့ ပိတ်ကား ဘေးဘက်နံရံတွေမှာ ထိုးပြမှာပါ။

အဲဒီနောက် ပရိုဂျက်တာ ၅ လုံးက ထိုးထားတဲ့ ပုံရိပ်တွေကို ScreenX ဆော့ဖ်ဝဲကနေ အလယ်စခရင်ကနေ ဘေးကို ခွဲထွက်သွားတဲ့ပုံစံအတိုင်း တပုံတည်းဖြစ်အောင် ပြန်ပေါင်းပေးမှာဖြစ်ပါတယ်။

အလယ်ပိတ်ကားပေါ်မှာ ပြနေတဲ့ ရုပ်ရှင်ကားရဲ့ အရောင်၊ အလင်းတောက်ပမှုတွေနဲ့ ကိုက်ညီအောင် အထူးပြုလုပ်ထားတဲ့ ပိတ်သားစ တမျိုးနဲ့ ရုပ်ရှင်ရုံဘေးဘက်နံရံတွေကို ဖုံးအုပ်ထားမှာ ဖြစ်ပါတယ်။ ယခုမြင်ကွင်းပြည့်စနစ်နဲ့ ကိုက်ညီတဲ့ အသံထွက်မျိုးကို ပေးစွမ်းနိုင်ဖို့အတွက် စပီကာတွေကို ရုပ်ရှင်ခန်းမအတွင်းမှာ နေရာတကျ တပ်ဆင်ထားမှာ ဖြစ်တယ်လို့ သိရပါတယ်။

၂၇၀-ဒီဂရီ မြင်ကွင်းပြည့် ခံစားနိုင်မယ့် ScreenX နည်းပညာနဲ့ ကြည့်ရှုနိုင်မယ့် ဇာတ်ကားတွေတော့ လက်ရှိအချိန်မှာ နည်းပါးသေးပါတယ်။ ၂၇၀-ဒီဂရီမြင်ကွင်းမှာ ပြသနိုင်တဲ့ ရုပ်ရှင်ဇာတ်ဝင်ခန်းတွေကို ရရှိဖို့အတွက် ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့တွေအနေနဲ့ ကင်မရာစနစ် အသစ်အမျိုးမျိုးနဲ့ ကင်မရာထားရှိပုံ နည်းလမ်းတို့ကို ပြောင်းသုံးဖို့ လိုအပ်ပါတယ်။

မကြာမီက ထွက်ရှိခဲ့တဲ့ “Ant Man and the Wasp”, “Black Panther” နဲ့ “King Arthur: Legend of the Sword” ရုပ်ရှင်ကားတွေဟာ ScreenX နည်းပညာနဲ့ ရိုက်ကူးခဲ့တဲ့ကားတွေ ဖြစ်ပြီး၊ မကြာမီရုံတင်မယ့် “The Nun” ရုပ်ရှင်ကားကိုလည်း ScreenX နည်းပညာနဲ့ ၂၇၀-ဒီဂရီအပြည့် ကြည့်နိုင်ဖို့ လုပ်ထားတယ်လို့ သိရပါတယ်။

Ref: Tech Radar, Evening Standard

Did you find apk for android? You can find new Free Android Games and apps.
Loading