Cloud ဝန်ဆောင်မှုတွေ ခေတ်စားလာတာနဲ့အမျှ သယ်ဆောင်ရ လွယ်ကူတဲ့ ပေါ့ပေါ့ပါးပါး Chromebook တွေကိုလည်း လူကြိုက်များလာကြပါတယ်။ အခုဆိုရင် Chromebook တွေမှာ Google Play ပါ သုံးလို့ရနေပြီ ဖြစ်တာကြောင့်လည်း ဝယ်လိုအား ပိုမြင့်လာပါတယ်။
ASUS ကနေ အသစ်မိတ်ဆက်လိုက်တဲ့ Chromebook 12 C223 ဟာ တန်ဖိုးနည်း Laptop တလုံးဖြစ်ပြီး၊ အရွယ်အစား ကျစ်လျစ်ပါးလျကာ အလေးချိန်ကလည်း ၁ ကီလိုဂရမ် အောက်ပဲ ရှိပါတယ်။ အားတခါ သွင်းပြီးရင် ၁၀ နာရီအထိ အသုံးခံမှာဖြစ်တာကြောင့် Portable Laptop ကောင်းကောင်း လိုချင်သူတွေ အကြိုက်တွေ့မှာပါ။
ASUS Chromebook 12 C223 မှာ 11.6-inch LED HD Display ကို အသုံးပြုထားပြီး၊ 1.1GHz dual-core Intel Celeron N3350 Processor ၊ Intel HD Graphics တို့နဲ့ဖြစ်ပါတယ်။ 4GB RAM ပါဝင်ပြီး၊ Storage ကတော့ Chromebook တွေ ထုံးစံအတိုင်း 32 GB ပဲ ပါဝင်မှာပါ။ ဒါပေမယ့် microSD ကတ်အပေါက် ပါဝင်တာကြောင့် Storage ထပ်စိုက် နိုင်ပါတယ်။
Chromebook 12 C223 မှာ USB Type-C နှစ်ပေါက်၊ USB Type-A 3.1 တပေါက်၊ HD Webam ၊ Audio Jack အပေါက်တို့ ပါရှိပြီး၊ Google Play အသုံးပြုနိုင်မှာပါ။ စတီရီယို စပီကာ ၂ လုံးတို့ ပါရှိပြီး၊ ကီးဘုတ်ကလည်း အရည် 66cc အထိ ဖိတ်စင်မှုကို ခံနိုင်ရည်ရှိတဲ့ ကီးဘုတ် ဖြစ်ပါတယ်။
ဈေးနှုန်း အတိအကျကိုတော့ တရားဝင်ထုတ်ပြန် ကြေညာထားခြင်း မရှိသေးပေမယ့်၊ XDA Developers ရဲ့ ခန့်မှန်းချက်အရ ၃၂၀ ယူရိုခန့်သာရှိမယ်လို့ သိရပါတယ်။
Ref: XDA Developers, Gadgets NDTV