အမေရိကန်တရားရေးဌာန (DoJ) ဟာ Messenger app ရဲ့ Encryption စနစ်ကို ဖယ်ရှားပေးဖို့အတွက် Facebook ကို ဖိအားပေးလျက် ရှိတယ်လို့ သိရပါတယ်။
Reuters သတင်းဌာနရဲ့ ဖော်ပြချက်အရ အမေရိကန်အစိုးရဟာ နာမည်ကျော် MS-13 ဒုစရိုက်အဖွဲ့နဲ့ ဆက်စပ်နေတယ်လို့ ယူဆရတဲ့ သံသယဖြစ်ဖွယ်လူတဦးရဲ့ ဆက်သွယ် ပြောဆိုမှုတွေ ကြားဖြတ် နားထောင်နိုင်ဖို့အတွက် Facebook ကို ဖိအားပေးနေတာလို့ သိရပါတယ်။ လက်ရှိအချိန်ထိတော့ Facebook ဟာ အမေရိကန် အစိုးရရဲ့ တောင်းဆိုမှုကို ငြင်းပယ်ထားဆဲ ဖြစ်ပါတယ်။
Messenger ရဲ့ Secret Conversation ပါဝင်တဲ့ End-to-end encryption စနစ်ဟာ Chat တခုမှာ ပါဝင်တဲ့ လူတွေပဲ အထဲက အကြောင်းအရာတွေနဲ့ အသံ မက်ဆေ့ချ်တွေကို မြင်တွေ့ရတာဖြစ်ပြီး၊ Facebook ကိုယ်တိုင် အဆိုပါ ဒေတာတွေကို ရယူနိုင်ခြင်း မရှိပါဘူး။
ယခု ထောက်လှမ်းမှု ကိစ္စကို California ပြည်ထောင်စုတရားရုံးမှာ လျှို့ဝှက်ကြားနာလျက် ရှိပြီး အမှုတွဲ ဖိုင်တွေကို အများပြည်သူကို ထုတ်ပြန်ကြေငြာထားခြင်း မရှိဘူးလို့လည်း သိရပါတယ်။ ဒါပေမယ့် အမည် မဖော်လိုသူ ၃ ဦးက Facebook ဟာ U.S အစိုးရဲ့ တောင်းဆိုမှုကို ခုခံချေပလျက် ရှိတယ်လို့ Reuters ကို သတင်းပေးခဲ့တာပါ။
ယခုဖြစ်ရပ်နဲ့ ပတ်သတ်ပြီး Facebook နဲ့ U.S အစိုးရတို့ကြားမှာ တင်းမာမှုတွေ မြင့်တက်လျက်ရှိပြီး၊ ယခုတပတ် အစောပိုင်းတုန်းက အမေရိကန်အစိုးရဟာ Facebook ကို အမိန့် ဖီဆန်မှုနဲ့ တရားစွဲဖို့အထိပါ ကြိုးစားခဲ့တယ်လို့ သိရပါတယ်။
လက်ရှိ Facebook အခြေအနေဟာ Messenger ရဲ့ Encryption စနစ်ကြီးကို လုံးဝဖယ်ရှားပစ်ရင်ပစ် ဒါမှမဟုတ်ရင် အစိုးရက ကြားဖြတ်နားထောင်ချင်တဲ့ လူတယောက်ကိုပဲ “Hack” ပေးရဖို့ ရှိနေပါတယ်။ ကုမ္ပဏီအနေနဲ့တော့ ဒီနှစ်ချက်လုံး လုပ်ချင်ပုံ မပေါ်ပါဘူး။
ယခုဖြစ်ရပ်ဟာ ၂၀၁၅ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ FBI နဲ့ Apple တို့အကြား တင်းမာမှုနဲ့လည်း သဘောတရားအားဖြင့် တူညီတယ်လို့ ဆိုရမှာပါ။ FBI ဟာ ၂၀၁၅ ခုနှစ် San Bernardino, California သေနတ်ပစ်ခတ်မှုက တရားခံတဦးရဲ့ iPhone ကို ဖွင့်ပေးဖို့ Apple ကို တောင်းဆိုခဲ့ပေမယ့် Apple ဘက်က လိုက်လျောမှုမရှိခဲ့ပါဘူး။
အကယ်၍ ယခုဖြစ်ရပ်မှာ အမေရိကန်အစိုးရနဲ့ Messenger ကို ကြားဖြတ်ရယူခွင့် ရရှိသွားမယ်ဆိုရင်တော့ နည်းပညာလောကမှာ သက်ရောက်မှု တော်တော်ကြီးကြီးမားမား ရှိလာမှာပါ။ အစိုးရအနေနဲ့ နောက်ဆို ဘီလီယံနဲ့ချီ အသုံးပြုသူရှိတဲ့ Whats App ဒေတာတွေကို ကြားဖြတ်ရယူခွင့် တောင်းလာနိုင်သလို၊ တခြား နည်းပညာကုမ္ပဏီတွေရဲ့ ဒေတာတွေကိုလည်း Encrypt လုပ်လုပ်၊ မလုပ်လုပ် တောင်းဆိုမှုတွေ ဖြစ်လာနိုင်ပါတယ်။
Ref: Reuters, The Verge