Display ပါဝင်တဲ့ Google Assistant သုံး စမတ်စပီကာ ဈေးကွက်ထဲကို Google ကိုယ်တိုင် ဝင်ရောက်လာတော့မှာဖြစ်ပါတယ်။
Nikkei က ဖော်ပြချက်အရ Google ဟာ Amazon ရဲ့ Screen ပါ Echo Show စမတ်စပီကာကို ယှဉ်ပြိုင်မယ့် စမတ်စပီကာအသစ်တမျိုးကို ယခုနှစ်နှောင်းပိုင်းအတွင်း မိတ်ဆက်ဖို့ရှိတယ်လို့ သိရပါတယ်။
“ Screen ပါဝင်လာတဲ့ စမတ်စပီကာ မော်ဒယ်အသစ်တမျိုးကို ပထမအသုတ်မှာတင် အလုံးရေ ၃ သန်းလောက် အထိ ရောင်းချနိုင်ဖို့ Google က ပစ်မှတ်ထား ထားပါတယ်။ ရည်မှန်းချက်တော်တော်ကြီးတဲ့ အစီအစဉ်ပါ” လို့ ကုမ္ပဏီရဲ့ အတွင်းလူတွေက Nikkei ကို ပြောကြားခဲ့ပါတယ်။
Screen ပါတဲ့ စမတ်စပီကာတွေကို Smart Display လို့လည်း ခေါ်ဆိုကြပြီး၊ မကြာမီကတင် Lenovo ကလည်း အဆိုပါ Smart Display တမျိုးကို မိတ်ဆက်ခဲ့ပါသေးတယ်။ သတင်းအချက်အလက်ဖော်ပြစရာ Screen ပါဝင်တဲ့ Smart Display တွေဟာ ရိုးရိုး စမတ်စပီကာတွေထက် ပိုမိုအားသာချက်တွေလည်း ရှိပါတယ်။
ဥပမာအားဖြင့် Settings ပြင်ဆင်ရတာတွေ ပိုလွယ်ကူစေပြီး၊ ဟင်းချက်နည်းလို ဗီဒီယိုကြည့်တာတွေ၊ သတင်းဖတ်တာတွေမှာ ပိုမို အဆင်ပြေစေမှာပါ။ အထူးသဖြင့် မီးဖိုချောင်တွေထဲမှာ လက်ကိုင်သုံးစရာမလိုတဲ့ Smart Display တွေက တော်တော်အသုံးဝင်မှာဖြစ်ပါတယ်။
Google ဟာ Smart Display တွေဟာ စမ်းသပ်သင့်တဲ့ အခန်းကဏ္ဍဆိုတာ ရိပ်မိတာကြောင့် ဇန်နဝါရီလတုန်းကလည်း Smart Display platform တခုကို ထုတ်ပေးခဲ့ပါသေးတယ်။ အခုဆိုရင် နာမည်ကြီးကုမ္ပဏီတွေဖြစ်တဲ့ JBL ၊ Lenovo ၊ LG နဲ့ Sony ကုမ္ပဏီတို့ဟာ Smart Display တွေကို ထုတ်လုပ်ဖို့ ပြင်ဆင်နေကြပြီဖြစ်ပါတယ်။
Google ဟာ လက်ရှိမှာ Google Home ၊ တန်ဖိုးနည်း Home Miniနဲ့ အသံအရည်အသွေးမြင့် Home Max ဆိုပြီး စမတ်စပီကာသုံးမျိုး ထုတ်ထားပေမယ့်၊ မော်ဒယ်အားလုံးမှာ စခရင်မပါဝင်သေးပါဘူး။
Ref: The Verge