လူရှုပ်ထွေးတဲ့ စူပါမားကတ်တွေမှာ ကိုယ်တိုင်ကိုယ်ကျ ဈေးမဝယ်ချင်တဲ့သူတွေအတွက် Virtual-Reality
နည်းပညာသုံးပြီး ဈေးဝယ်ယူနိုင်မယ့် စနစ်ကို Walmart က ဖန်တီးဖို့ ကြိုးစားနေပါပြီ။
ပြိုင်ဘက် Amazon ကုမ္ပဏီကို ယှဉ်ပြိုင်အနိုင်ယူနိုင်ဖို့ အတွက် နည်းပညာသစ်တွေကို အရှိန်အဟုန်နဲ့ စမ်းသပ်လျက်ရှိတဲ့ Walmart ဟာ ‘ Virtual Reality Show Room System’ လို့ အမည်ပေးထားတဲ့ မူပိုင်ခွင့်နှစ်ခုကို U.S မူပိုင်ခွင့်ရုံးမှာ တင်ထားတာ တွေ့ရပါတယ်။
အဆိုပါစနစ်မှာ ဈေးဝယ်ယူသူတွေအနေနဲ့ အိမ်မှာတင် VR Headsetနဲ့ Sensor ပါ လက်အိတ်တွေကို တပ်ဆင်ပြီး၊ Walmart စတိုး 3D ပုံစံထဲမှာ ဈေးဝယ်ယူနိုင်မှာဖြစ်ပါတယ်။ ဈေးဝယ်ယူူတွေအနေနဲ့ ဒီဂျစ်တယ်ပစ္စည်းတန်းတွေကို VR Headset နဲ့တင် လျှောက်ကြည့်ပြီး၊ လိုချင်တဲ့ ပစ္စည်းကို ‘ကောက်ယူ’ နိုင်မှာ ဖြစ်ပါတယ်။
ကောက်ယူလိုက်တဲ့ ပစ္စည်းအားလုံးကို အလိုအလျာက်ပစ္စည်းပို့ဆောင်မှုစနစ်ကနေ စုစည်းပို့ဆောင်ပေးမှာဖြစ်ပါတယ်။
ယခု မူပိုင်ခွင့်တွေဟာ VR နည်းပညာဘက်ကို အားထည့်လာတဲ့ Walmart ရဲ့ ခြေလှမ်းတရပ်လို့ ဆိုရမှာပါ။ Walmart ဟာ မကြာခင်ကလည်း Virtual Reality နည်းပညာတွေကို ပြုလုပ်နေတဲ့ Spatialand ကုမ္ပဏီကို ဝယ်ယူခဲ့ပါသေးတယ်။ ဒါ့အပြင် ဇွန်လတုန်းကလည်း ယခုစနစ်ရဲ့ရှေ့ပြေးလို့ ခေါ်ဆိုနိုင်မယ့် Virtual Shopping Tour တခုကို ထုတ်ပေးကာ ဝယ်ယူသူတွေကို ကိုယ်တိုင်ကိုယ်ကျ စမ်းသပ်စေခဲ့ပါတယ်။
VR နည်းပညာဟာ ဝန်ထမ်းခနဲ့ ဆိုင်ခန်းထိန်းသိမ်းမှုကုန်ကျစရိတ်တွေ များပြားလွန်းတာကြောင့် အခက်တွေ့နေတဲ့ ဆိုင်ခန်း အမှန်တကယ်ဖွင့်လှစ်ရောင်းချသူ လက်လီကုမ္ပဏီတွေရဲ့ အခက်အခဲကို ဖြေရှင်းပေးနိုင်မယ့် နည်းပညာတခုလို့ ဆိုရမှာပါ။
ဆက်စပ်သတင်းလင့်ခ် – ဈေးအသွားအပြန်ကို မောင်းသူမဲ့ ကားတွေနဲ့ အကြိုအပို့ လုပ်ပေးမယ့် “Walmart”