ဥရောပသမဂ္ဂ (EU) ဟာ Facebook ၊ YouTubeနဲ့ Twitter အပါအဝင် ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေကို အွန်လိုင်းအကြမ်းဖက် ဝါဒဖြန့်မှုတွေနဲ့ ပတ်သက်ပြီး ပိုမိုတင်းကြပ်တဲ့ စည်းကမ်းတွေ ချမှတ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
Financial Times က တင်ပြချက်အရ EU ဟာ ရှေ့လအတွင်းမှာ စည်းကမ်းမူကြမ်း အသစ်တခုကို ထုတ်ပြန်ဖို့ရှိတယ်လို့ သိရပါတယ်။ အဆိုပါ စည်းကမ်းအသစ်အရ အကြမ်းဖက်မှုအားပေး အစွန်းရောက် Content (ဓာတ်ပုံ၊ စာ၊ ဗီဒီယို စတဲ့ သတင်းအချက်အလက် အကြောင်းအရာ)တွေကို တင်ပြီးနောက် တနာရီအတွင်း မဖယ်ရှားနိုင်တဲ့ ကုမ္ပဏီတွေကို EU ကနေ တရားဝင် ဒဏ်ရိုက်တော့မှာ ဖြစ်ပါတယ်။
အကြမ်းဖက် Content တွေနဲ့ ပတ်သတ်ပြီး EU ဟာ အရင်က ကုမ္ပဏီတွေကို ကိုယ်တိုင် စည်းကမ်း ထိန်းသိမ်းဖို့သာ လမ်းညွှန်တိုက်တွန်းခဲ့ပြီး၊ တရားဥပဒေအရ တာဝန်ရှိကြောင်း မပြဌာန်းထားပေမယ့် ယခုအခါမှာတော့ EU ကိုယ်တိုင် ဝင်ရောက်ကြပ်မတ်မှုတွေ ုပြုလုပ်တော့မှာပါ။
နည်းပညာကုမ္ပဏီတွေအနေနဲ့ အကြမ်းဖက်အကြောင်းအရာတွေ ဖယ်ရှားရာမှာ သိသာတဲ့ တိုးတက်မှု မမြင်တွေ့ရတာကြောင့် ပြည်သူတွေကို ပိုမိုကာကွယ်ပေးနိုင်ဖို့အတွက် ပြင်းထန်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်တော့မှာဖြစ်ကြောင်း EU ရဲ့ လုံခြုံရေးဆိုင်ရာ ကော်မရှင်နာ Julian King က Times ကို ပြောကြားခဲ့ပါတယ်။
ယခုစည်းကမ်းချက် အသစ်မှာ ဆိုရှယ်မီဒီယာပလက်ဖောင်းတွေသာမက website အရွယ်အစားမရွေး အကျုံးဝင်မှာ ဖြစ်တယ်လို့လည်း King က ဆိုပါတယ်။
ကုမ္ပဏီတွေဘက်က ကြည့်မယ်ဆိုရင်လည်း Artificial Intelligence လို နည်းပညာ အသစ်တွေ သုံးပြီး အွန်လိုင်းပေါ်က အစွန်းရောက်အကြောင်းအရာတွေကို အလိုအလျောက် သိရှိဖယ်ရှားနိုင်ဖို့ ကြိုးစားနေကြသလို၊ အကြမ်းဖက်မှုကို အားပေးတဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုပါ ပူးပေါင်း Database တခုကို တည်ဆောက်ပြီး ပိုမိုမြန်ဆန်စွာ ခြေရာခံ ဖယ်ရှားနိုင်ဖို့လည်း လက်တွဲလုပ်ဆောင်နေကြပါတယ်။
တကယ်တမ်းတော့ ဆိုရှယ်မီဒီယာပလက်ဖောင်းတွေအနေနဲ့ ပိုမိုတင်းကြပ်တဲ့ စည်းကမ်းတွေ ချမှတ်ပြီး ဒီပြဿနာကို ဒီထက်မြန်မြန်ဖြေရှင်းနိုင်ပါတယ်။ ဒါပေမယ့် ဒီလို ပေါ်လစီတွေ ချမှတ်မယ်ဆိုရင် လွတ်လပ်စွာပြောဆိုခွင့်ကို ထိပါးနိုင်တဲ့အတွက် အသုံးပြုသူတွေကို မောင်းထုတ်သလို ဖြစ်နေမှာကိုလည်း စိုးရိမ်ရမှာ ဖြစ်ပါတယ်။
Ref: The Next Web, Cnet, EU