တရုတ်နိုင်ငံ App Store က တရားမဝင် လောင်းကစား Apps တွေနဲ့ App ထုတ်ဝေသူ Developers ပေါင်းများစွာကို ဖယ်ရှားခဲ့ကြောင်း Apple က ယနေ့မှာ အတည်ပြု ပြောကြားခဲ့ပါတယ်။
“လောင်းကစား Apps တွေဟာ China App Store မှာ တင်ဖို့ ခွင့်မပြုထားတဲ့ တရားမဝင် App တွေ ဖြစ်ပါတယ်။ လောင်းကစား Apps တွေနဲ့ အဆိုပါ Apps တွေကို တင်ဖို့ ကြိုးစားတဲ့ Developers တော်တော်များများကို ဖယ်ရှားခဲ့ပြီး ဖြစ်ပါတယ်။ App Store မှာ ဒီလို Apps တွေ မရှိအောင်လို့ အစွမ်းကုန်ရှာဖွေ၊ ဖယ်ရှားသွားမှာဖြစ်ပါတယ်။” လို့ Apple ရဲ့ ယနေ့သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တရုတ်အစိုးရပိုင် သတင်းဌာနတခုဖြစ်တဲ့ CCTV က တနင်္ဂနွေနေ့အထိ Apps ပေါင်း ၂၅,၀၀၀ ဖယ်ရှားခံရပြီး ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ တရုတ်နိုင်ငံ App Store မှာ Apps ပေါင်း ၁.၈ သန်းခန့် ရှိတာကြောင့် စုစုပေါင်းပမာဏရဲ့ ၁.၄ ရာခိုင်နှုန်းလောက် ဖယ်ရှားခံခဲ့ရတာဖြစ်ပါတယ်။ Apple ကတော့ အရေအတွက် အတိအကျ မပြောထားပါဘူး။
App Store မှာ လောင်းကစား Apps တွေလို တရားမဝင် Apps တွေ အမြောက်အများ ရှိနေပြီး၊ iMessage မှာလည်း Spams တွေကို သေချာစိစစ် ဟန့်တားနိုင်မှု မရှိတဲ့အတွက် တရုတ်နိုင်ငံပိုင် မီဒီယာကနေ Apple ကို ယခုလအစောပိုင်းတုန်းက ဝေဖန်ခဲ့မှုအပြီးမှာ Apple ဘက်က အခုလို အရေးယူမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
iMessage က Spams တွေကို လျော့ချနိုင်ဖို့အတွက်ကိုတော့ တရုတ်နိုင်ငံက ဆက်သွယ်ရေး ကုမ္ပဏီတွေနဲ့ Apple တို့ ပူးပေါင်းဆောင်ရွက်လျက် ရှိတယ်လို့ သိရပါတယ်။
တရုတ်အစိုးရဆန္ဒအတိုင်း Apple ဘက်က လိုက်လုပ်ပေးခဲ့တာ ဒါက ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းကလည်း Apple ဟာ တရုတ်နိုင်ငံ App Store က VPN Apps တွေကို ဖယ်ရှားပေးခဲ့သလို၊ အဲဒါမတိုင်ခင် ၆ လလောက်တုန်းကလည်း The New York Times app ကို တရုတ်နိုင်ငံကနေ ဖယ်ရှားပေးခဲ့ပါသေးတယ်။
“Apps တွေ ဖယ်ရှားတာမျိုးကို မလုပ်ချင်ပါဘူး။ ဒါပေမယ့် ကျနော်တို့ စီးပွားရေးလုပ်တဲ့ နေရာတိုင်းက ဥပဒေကိုတော့ လိုက်နာပါတယ်။ တခြားနိုင်ငံတွေမှာလည်း ထိုနည်း လည်းကောင်းပါပဲ” လို့ Apple CEO Tim Cook က ပြီးခဲ့တဲ့နှစ်တုန်းက ထုတ်ဖော် ပြောကြားခဲ့ဖူးပါတယ်။
Ref: Mac Rumors, Reuters