လူသုံးအများဆုံး Gmail လုပ်ဆောင်ချက်တခုဖြစ်တဲ့ “Undo Send” feature ကို ယခုအခါ Android မှာလည်း စတင် အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။
၂၀၁၅ ခုနှစ်မှာ စတင်ထုတ်ပေးခဲ့တဲ့ “Undo Send” feature ဟာ ပို့လိုက်တဲ့ အီးမေးလ်တခုကို အချိန် အနည်းငယ်အတွင်းမှာ ပြန်ဖျက်နိုင်တဲ့လုပ်ဆောင်ချက်တခုဖြစ်ပြီး၊ အရင်က Gmail web version မှာပဲ သုံးလို့ရခဲ့တာဖြစ်ပါတယ်။
၂၀၁၆ ခုနှစ်မှာ iOS အသုံးပြုသူတွေအတွက်ပါ ထုတ်ပေးခဲ့ပေမယ့် Android မှာတော့ အခုမှ ရရှိလာတာပါ။
“Undo Send” ကို Gmail for Android ဗားရှင်း 8.7 ကနေ စတင် အသုံးပြုနိုင်ပြီး၊ လုပ်ဆောင်ပုံကတော့ Desktop အတိုင်း အတူတူပါပဲ။ Email တခုကို ပို့ပြီးတာနဲ့ စက္ကန့်အနည်းငယ်အထိ Undo ဆိုတဲ့ ခလုတ်လေး ပေါ်နေမှာဖြစ်ပြီး၊ အဆိုပါခလုတ်ကို နှိပ်လိုက်ရင် Email က မထွက်သွားဘဲ “Draft” အနေနဲ့ ပြန်ဝင်လာမှာပါ။
တကယ်လို့ မိမိ Gmail app က ဗားရှင်း 8.7 ဖြစ်ရဲ့သားနဲ့ ယခု Feature မပေါ်သေးဘူး ဆိုရင်တော့ App Settings ထဲကနေ Cache clean လုပ်ပြီး စမ်းကြည့်သင့်ပါတယ်။
မကြာသေးခင်ကလည်း Google ဟာ Email တွေကို သတ်မှတ်အချိန်ကျော်သွားတာနဲ့ အလိုအလျောက် ပျက်သွားမယ့် “Confidential Mode” feature ကိုလည်း မိုဘိုင်းမှာ စတင်ထုတ်ပေးခဲ့ပါသေးတယ်။
Confidential Mode ကို သုံးချင်တယ်ဆိုရင်တော့ Email တခုကို Compose လုပ်နေတုန်းမှာ ညာဘက် အပေါ်ထောင့်က အစက်လေး ၃ စက်ကို နှိပ်ပြီး “Confidential Mode” ကို ရွေးချယ်ကာ အသုံးပြုနိုင်ပါတယ်။
Ref: Android Police