နာမည်ကြီး ကွန်ပျူတာနဲ့ မိုဘိုင်းအပိုပစ္စည်းထုတ်လုပ်သူ Logitech ဟာ ကုမ္ပဏီရဲ့ ပထမဆုံး ဒေါင်လိုက်မောက်စ်ဖြစ်တဲ့ MX Vertical ကို သြဂုတ်လ ၂၀ ရက်နေ့၊ တနင်္လာနေ့က မိတ်ဆက်လိုက်ပါတယ်။
အမေရိကန်ဒေါ်လာ ၉၉ ဒဿမ ၉၉ ဒေါ်လာကျသင့်မယ့် MX Vertical ကို Logitech website ကနေ ကြိုတင် အော်ဒါမှာယူနိုင်ပြီ ဖြစ်ပြီး စက်တင်ဘာလအတွင်း စတင်ပို့ဆောင်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
MX Vertical ဟာ ဒေါင်လိုက်စ် မောက်စ်အများစုလိုပဲ လက်ဆွဲနှုတ်ဆက်တဲ့ အနေအထားပုံစံနဲ့ ဒီဇိုင်း ထုတ်လုပ်ထားတဲ့ မောက်စ်ဖြစ်ပြီး၊ လက်ကောက်ဝတ် ကြွက်သားနာကျင်မှုတွေကို လျော့ချပေးဖို့ အဓိက ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။
၅၇ ဒီဂရီ တိမ်းစောင်းနေမယ့် ကိုယ်ထည်ညာဘက်ဘေးမှာ ကလစ်ခလုတ်တွေနဲ့ Scroll ဘီးတို့ ရှိပြီး၊ မောက်စ် ဘယ်ဘက်အချိုင့်ဘက်မှာတော့ လက်မ သက်သောင့်သက်သာ တင်ထားနိုင်မှာ ဖြစ်ပါတယ်။ မောက်စ် ဘယ်နဲ့ ညာ နှစ်ခြမ်းလုံးကို အဖုအထစ်ပါ ရာဘာနဲ့ အုပ်ထားတာကြောင့် မြဲမြဲမြံမြံ ကိုင်တွယ် အသုံးပြုနိုင်မှာပါ။
MX Vertical ဟာ အလေးချိန် ၁၃၅ ဂရမ် ရှိတာကြောင့် ပုံမှန် မောက်စ်တွေထက် အနည်းငယ် ပိုလေးမှာပါ။ ဒါပေမယ့် ဒေါင်လိုက်ဒီဇိုင်းကြောင့် လက်ကောက်ဝတ်နဲ့ လက်မောင်းတို့ကို တဖြောင့်တည်း အနေအထားမှာ ရှိစေပြီး၊ ကြွက်သားနာကျင်မှုဒဏ်ကို ၁၀ ရာခိုင်နှုန်း လျော့ချပေးနိုင်မှာ ဖြစ်တယ်လို့ ကုမ္ပဏီက ဆိုထားပါတယ်။
လက်ကောက်ဝတ်ကို ဖိအားသက်ရောက်မှုလည်း ပိုနည်းသွားမှာဖြစ်တာကြောင့် လက်ကောက်ဝတ် နာကျင်တာတွေ၊ အရာပေါ်တာတွေ အဖြစ်နည်းသွားပါလိမ့်မယ်။
မောက်စ်ဘယ်ဘက်၊ လက်မတင်တဲ့နေရာလောက်မှာ Customize လုပ်နိုင်တဲ့ ခလုတ်နှစ်ခု ပါရှိပြီး၊ မောက်စ် အပေါ်တည့်တည့်မှာတော့ DPI ချိန်တဲ့ ခလုတ်ပါရှိပါတယ်။ DPI 4000 အထိ သုံးနိုင်တဲ့ Sensor ပါရှိတာကြောင့် လက်လှုပ်ရှားရမှုကို ၄ ဆ ပိုမို သက်သာစေမှာပါ။
Logitech MX Vertical မောက်စ်ကို USB-C ၊ Bluetooth ဒါမှမဟုတ် Logitech ရဲ့ Unifying Receiver USB dongle ဆိုပြီး ၃ မျိုး ချိတ်ဆက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
ဘက်ထရီ သက်တမ်းအနေနဲ့ တခါ အားသွင်းပြီးရင် ၄ လ လောက် အေးဆေး အသုံးပြုနိုင်မှာဖြစ်ပြီး၊ USB-C အပေါက်ကနေ တမိနစ် အားပြန်သွင်းပေးရုံနဲ့ ၃ နာရီကြာ အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။