LG ကနေ အသစ်ထုတ်လုပ်လိုက်တဲ့ TONE Platinum SE နားကြပ်ဟာ LG TONE စီးရီးထဲမှာ Google Assistant အသုံးပြုနိုင်တဲ့ ပထမဦးဆုံး နားကြပ် ဖြစ်ပါတယ်။
LG G7 ဖုန်းမှာလိုပဲ TONE Platinum SE နားကြပ်မှာ OK Google ပြောစရာ မလိုဘဲ Google Assistant ခေါ်ဖို့အတွက် သီးသန့် ခလုတ်တခု ပါရှိမှာ ဖြစ်ပါတယ်။ အဓိကကတော့ Google Translate အသုံးပြုတဲ့အခါ စကားပြောနေရင်းနဲ့ OK Google လို့ ခဏခဏ ဖြတ်ပြောနေရတဲ့ ဒုက္ခက ကင်းဝေးအောင်လို့ ခလုတ်သပ်သပ် ထည့်ပေးထားတာ ဖြစ်ပါတယ်။ Google ရဲ့ Pixel Buds နားကြပ်တွေလိုပဲ တဖက်ကပြောလိုက်တဲ့ ဘာသာစကားကို ချက်ချင်း ဘာသာပြန်ပေးနိုင်မှာပါ။
LG TONE Platinum SE နားကြပ်မှာ ဘေ့စ်သံ ကောင်းကောင်း ခံစားရဖို့နဲ့ Frequency မြင့် အသံတွေကို ကြည်ကြည်လင်လင် ကြားရဖို့အတွက် balanced armature နဲ့ dynamic driver ပေါင်းစပ်ထားတဲ့ hybrid unit ဒီဇိုင်းနဲ့ ထုတ်လုပ်ထားပါတယ်။ ဖုန်းပြောရာမှာ အသံ ကြည်ကြည်လင်လင် ကြားရဖို့အတွက် MEMS မိုက်ခရို ဖုန်းနှစ်ခုကိုလည်း ထည့်သွင်း ပေးထားတယ်လို့ သိရပါတယ်။
LG ဟာ TONE Platinum SE နဲ့အတူ TONE Ultra SE ဆိုတဲ့ နားကြပ် အသစ်တမျိုးကိုလည်း တပြိုင်တည်း မိတ်ဆက်ခဲ့ပါတယ်။ TONE Ultra SE ကတော့ ပတ်ဝန်းကျင်အသံတွေကို ကြားဖို့ လိုအပ်တဲ့အခါမျိုးမှာ ဖုန်းပြောမပြတ်၊ သီချင်းနားထောင် မပြတ်ဘဲ နားကြပ် ဆက်သုံးနိုင်ဖို့အတွက် နားကြပ်လေးတွေအပြင် မိုနိုစပီကာတခုပါ ပါရှိမှာဖြစ်ပါတယ်။ ယခုနားကြပ် မော်ဒယ်အသစ် ၂ မျိုးစလုံးကို အနက်ရောင်၊ အပြာရောင်နဲ့ ရွှေရောင်ဆိုပြီး ၃ မျိုး ထုတ်လုပ်သွားမှာပါ။
LG TONE Platinum SE နဲ့ LG TONE Ultra SE တို့ရဲ့ ဈေးနှုန်းနဲ့ ဝယ်ယူရရှိနိုင်မယ့်နေ့တို့ကိုတော့ သြဂုတ်လ ၃၁ ရက်နေ့ကနေ စက်တင်ဘာလ ၅ ရက်နေ့အထိ ကျင်းပမယ့် IFA ပွဲမှာ မိတ်ဆက် ကြေညာသွားမှာ ဖြစ်ပါတယ်။
Ref: Neowin, LG