အမေရိကန်ပြည်ထေင်စု၊ ဆန်ဖရန်စ္စကို မြို့ရဲ့ ပထမဆုံး ငွေစာရင်းကိုင် မပါဝင်တဲ့ Cashierless စတိုးကို ယခုတပတ် အတွင်း Zippin ကုမ္ပဏီကနေ စတင်ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ “Cashierless Store” လို့ ခေါ်တဲ့ ငွေစာရင်းကိုင် မပါဝင်တဲ့ စတိုးတွေ စတင် ခေတ်စားနေပြီး ပထမဆုံး Cashierless Store “Amazon Go” ကို ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ စတင် ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ Amazon ရဲ့ “Cashierless Store” ပြိုင်ဘက်ဖြစ်တဲ့ Zippin စတိုးကတော့ San Francisco ရဲ့ ပထမဆုံး ဖွင့်လှစ်တဲ့ စတိုး ဖြစ်လာမှာပါ။
Zippin “Cashierless Store” မှာ ဈေးဝယ်မယ်ဆိုရင် ပထမဆုံး သက်ဆိုင်ရာ App ကို ဖုန်းထဲ Download ပြုလုပ်ပေးရမှာဖြစ်ပြီး၊ App က ထုတ်ပေးတဲ့ QR Code နဲ့ ဆိုင်ထဲကို ဝင်ရောက် ဈေးဝယ်နိုင်မှာပါ။ စတိုးဆိုင်ထဲမှာတော့ ကင်မရာပေါင်း ရာနဲ့ချီ တပ်ဆင်ထားပြီး QR Code နဲ့ အလိုက် ဈေးဝယ်သူတွေကို တချိန်လုံး စောင့်ကြည့်နေမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ကုန်ပစ္စည်းတွေ တင်ထားတဲ့ အကန့်တွေမှာလည်း ဖိအားသိ Sensor တွေကို တပ်ဆင်ထားပြီး၊ ဈေးဝယ်သူ တယောက်က ပစ္စည်းတခုခုကို မလိုက်တာနဲ့ အလိုလို သိရှိနိုင်မှာ ဖြစ်ပါတယ်။
ဘာပစ္စည်း ယူလိုက်လဲဆိုတာကိုတော့ ပစ္စည်းမှာပါဝင်တဲ့ Code တွေကနေတဆင့် ကင်မရာကနေ သိရှိကာ ဈေးနှုန်း တွက်ချက်ပေးထားမှာ ဖြစ်ပါတယ်။ ဈေးဝယ်သူအနေနဲ့ ကိုယ်လိုချင်တာတွေ ယူပြီးရင် ငွေရှင်းဖို့ တန်းစီစောင့်ဆိုင်း နေစရာ မလိုဘဲ ချက်ချင်း ပြန်ထွက်သွားနိုင်မှာပါ။
ဝယ်ယူထားတဲ့ ပစ္စည်းစာရင်းနဲ့ ကျသင့်ငွေကိုတော့ သက်ဆိုင်ရာအကောင့်ထဲဆီ အီးမေးလ်နဲ့ လှမ်းပို့ပေးမှာ ဖြစ်ပါတယ်။ ပစ္စည်းမှား တွက်ချက်မိတာမျိုး ရှိရင်လည်း အီးမေးလ်ကနေတဆင့် ငွေပြန်တောင်းယူနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
San Francisco ရဲ့ ပထမဆုံး Cashierless Store ကို လာမယ့် စက်တင်ဘာလလယ်လောက်မှာ စတင် ဖွင့်လှစ်သွားမှာဖြစ်ပြီး၊ ကနဦးအဆင့်မှာ တရက်ကို ၁ နာရီပဲ ဖွင့်လှစ်ရောင်းချမှာ ဖြစ်ပါတယ်။ App download ပြုလုပ်ထားသူတွေပဲ ဝင်ရောက် ဝယ်ယူခွင့်ရရှိမှာ ဖြစ်တယ်လို့ Zippin တည်ထောင်သူ Krishna Motukuri က VentureBeat ကို အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။
Zippin နည်းတူ Amazon ကုမ္ပဏီကလည်း “Cashierless Store” Amazon Go စတိုးတွေကို San Francisco နဲ့ Chicago တို့မှာ ထပ်မံဖွင့်လှစ်သွားဖို့ ရှိနေပါတယ်။
Ref: VentureBeat