OPPO ဟာ ယခုလ အစောပိုင်းတုန်းက Gorilla Glass 6 ပထမဆုံး အသုံးပြုထားတဲ့ R17 ဖုန်းကို မိတ်ဆက်ခဲ့ပြီးနောက်၊ ယခုအခါမှာ ပိုမိုစွမ်းဆောင်ရည်မြင့်တဲ့ R17 Pro စမတ်ဖုန်းကို ထပ်မံ မိတ်ဆက်လိုက်ပါတယ်။
OPPO R17 Pro စမတ်ဖုန်းရဲ့ ထူးခြားချက်ကတော့ ကျောဘက်ကင်မရာ ၃ လုံးနဲ့ ဘက်ထရီ ၂ လုံးတွဲတို့ ပါရှိတာ ဖြစ်ပါတယ်။ ဒီဇိုင်းပိုင်းကတော့ ကျောကင်မရာ ၃ လုံးဖြစ်သွားတာကလွဲရင် R17 ဖုန်းနဲ့ ကွာခြားမှု သိပ်မရှိပါဘူး။ ဖုန်းကျောဘက် ကိုယ်ထည်က ဖန်သားနဲ့ဖြစ်ပြီး၊ “Fog Gradient” ဆိုတဲ့ ကာလာအရောကို အသုံးပြုထားတာ တွေ့ရပါတယ်။
Display ပိုင်းမှာလည်း R17 ဖုန်းကလိုပဲ 6.4-inch 2,340 x 1,080 pixels AMOLED Display ကို အသုံးပြုထားပြီး၊ V ပုံစံ Waterdrop notch ကိုလည်း ဆက်လက် မြင်တွေ့ရမှာပါ။ Snapdragon 710 Chipset နဲ့ ဖြစ်ပြီး၊ 2.2 GHz octa-core CPU ၊ Adreno 616 GPU နဲ့ 8GB RAM တို့ ပါဝင် မှာပါ။ Storage ကတော့ 128GB အထိ ပါလာမှာ ဖြစ်ပြီး၊ microSD card တော့ ထပ်စိုက်နိုင်မှာ မဟုတ်ပါဘူး။
R17 Pro ဖုန်းရဲ့ ကျောကင်မရာသုံးလုံးမှာ တလုံးက OIS ပါဝင်တဲ့ 20MP Lens နဲ့ နောက်တလုံးက 12MP Lens တို့ဖြစ်ပြီး၊ တတိယအလုံးကတော့ 3D Stereo Camera lens ဖြစ်တယ်လို့ Oppo က ရှင်းပြထားပါတယ်။
3D Lens က AR features တွေအတွက် အသုံးပြုမှာဖြစ်ပြီး၊ 3D ပုံရိပ်တွေ ရိုက်ကူးနိုင်သလို TV နဲ့ ချိတ်ဆက်ပြီးတော့ ဂိမ်းစက်လို အသုံးပြုနိုင်မှာဖြစ်တယ်လို့ OPPO က ပြောကြားထားပါတယ်။ ဘယ်လို နည်းပညာမျိုး ဖြစ်မလဲ ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။
Display အောက် လက်ဗွေရာဆန်ဆာလည်း ပါဝင်လာမှာဖြစ်ပြီး၊ screen ပေါ်က သတ်မှတ်ထားတဲ့ နေရာကို လက်တင်လိုက်ရုံနဲ့ လက်ဗွေရာ အသုံးပြုနိုင်မှာပါ။
OPPO R17 Pro ဖုန်းရဲ့ အဓိက ထူးခြားချက်ကတော့ တခြားဖုန်းတွေလို ဘက်ထရီတလုံးတည်း မဟုတ်ဘဲ ဘက်ထရီ ၂ လုံး ပါဝင်လာတာ ဖြစ်ပါတယ်။ 1850mAh ဘက်ထရီ ၂ လုံး ပါဝင်မှာ ဖြစ်ပြီး၊ စုစုပေါင်း 3700mAh ဘက်ထရီ ဖြစ်သွားမှာပါ။ ဒီလို ဘက်ထရီ ၂ ခု ခွဲအသုံးပြုရတာက OPPO ရဲ့ Super VOOC စနစ်အတွက် ဖြစ်ပြီး၊ ဘက်ထရီအား ၄၀ ရာခိုင်နှုန်းကို 50W အားနဲ့ ၁၀ မိနစ်အတွင်း အမြန်သွင်းပေးနိုင်မှာဖြစ်ပါတယ်။
လက်ရှိမှာ R17 Pro ဖုန်းရဲ့ ဈေးနှုန်းနဲ့ ဝယ်ယူရရှိနိုင်မယ့်နေ့ရက်တွေကို မသိရသေးဘဲ OPPO ဘက်က ထပ်မံ သတင်းထုတ်ပြန်ပေးဖို့ ရှိပါတယ်။
Ref: Phone Arena, Android Authority