“Foldable စမတ်ဖုန်း” လို့ခေါ်တဲ့ ကွေးခေါက်နိုင်တဲ့ဖုန်းတွေ ထွက်တော့မယ်ဆိုတဲ့ သတင်းတွေကို စာရေးသူတို့ ကြားနေရတာ နှစ်အတန်ငယ် ကြာခဲ့ပါပြီ။ မူပိုင်ခွင့်တွေ၊ ရှေ့ပြေးမော်ဒယ်တွေ၊ ထုတ်လုပ်မှု သတင်းတွေ၊ ကောလာဟလတွေ စသဖြင့် မပြတ်တမ်း ကြားခဲ့ရပေမယ့် တကယ့် လက်တွေ့ ဈေးကွက်ထဲမှာတော့ Foldable ဖုန်းတလုံးမှ မမြင်ရသေးပါဘူး။
ဒါပေမယ့် မကြာခင်အချိန်အတွင်းမှာ Samsung ဒါမှမဟုတ် Huawei တို့ဆီကနေ Foldable စမတ်ဖုန်း တလုံးကို စတင် မြင်တွေ့ရဖို့ရှိနေပါတယ်။ Foldable ဖုန်းတွေဟာ စမတ်ဖုန်း အသုံးပြုမှုပုံစံတွေကို ဘယ်လိုပြောင်းလဲနိုင်မလဲဆိုတာ လေ့လာကြည့်ရအောင်။
(၁) ထိတွေ့ အသုံးပြုနိုင်မယ့် ပုံစံသစ်
ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ စမတ်ဖုန်းတွေဟာ သိသိသာသာ တိုးတက်ကောင်းမွန်လာမှုတွေ ရှိလာပါတယ်။ ပရိုဆက်ဆာတွေက တော်တော်လေးမြန်လာတယ်၊ ကင်မရာတွေ ပိုကောင်း လာတယ်၊ Display ဘောင်တွေ မရှိသလောက် လျော့နည်းလာတယ်၊ ပြီးတော့ RAM တွေ ပိုများ လာတယ်။ ဒါပေမယ့် ကျနော်တို့ရဲ့ စမတ်ဖုန်းသုံးတဲ့ ပုံစံကတော့ ပြောင်းလဲမှု မရှိသလောက်ပါပဲ။ ဒါပေမယ့် Foldable ဖုန်းတွေ တကယ်ထွက်လာရင်တော့ ကျနော်တို့ ဖုန်းသုံးတဲ့ ပုံစံပါ လုံးဝနီးပါး ပြောင်းသွားနိုင်ပါတယ်။
ဥပမာအားဖြင့် ကွေးခေါက်နိုင်တဲ့ Screen တွေဟာ Display တခုကနေ Display နှစ်ခုဖြစ်အောင် စွမ်းဆောင်ပေးလာ နိုင်ပါတယ်။ ကွန်ပျူတာလောကမှာ မော်နီတာနှစ်လုံး ချိတ်ဆက်ပြီး၊ Multitasking သုံးလာတာ ကြာခဲ့ပါပြီ။
Foldable ဖုန်းတွေထွက်လာရင်လည်း ကျနော်တို့ဟာ လက်ကိုင် Mobile Device တခုနဲ့တင် Multitasking တွေ ကောင်းကောင်းလုပ်လာနိုင်မှာပါ။ screen တခုမှာ App တခုကို အပြည့် ဖွင့်ထားရင် နောက်စခရင်တခုမှာလည်း App နောက်တခု ဖွင့်သုံးတာမျိုးတွေ လုပ်လာနိုင်ပါတယ်။
ဂိမ်းဆော့ရင်လည်း အောက်က Screen မှာ ခလုတ်တွေ ထားပြီး၊ လက်ကိုင်ဂိမ်းစက်လို ဆော့တာ မျိုးတွေပါ ဖြစ်လာနိုင်ပါတယ်။ ဒါမှမဟုတ် Screen နှစ်ခုလုံးကို တဆက်တည်း အသုံးချတဲ့ ဂိမ်းတွေ၊ ဗီဒီယို Player တွေလည်း ပေါ်ထွက်လာနိုင်ပါတယ်။
(၂) ကင်မရာတွေ ပိုကောင်းလာမယ်
စမတ်ဖုန်းတွေရဲ့ ကင်မရာတွေကို ကြည့်မယ်ဆိုရင် ရှေ့ကင်မရာနဲ့ နောက်ကင်မရာဆိုပြီး တွေ့ရပါလိမ့်မယ်။ ရှေ့ကင်မရာကတော့ Selfie တွေ၊ ဗီဒီယိုခေါ်ဆိုမှုတွေ အတွက် ပိုအရေးပါပြီး၊ နောက်ကင်မရာမှာတော့ ပိုစွမ်းဆောင်ရည်မြင့်တဲ့ ကင်မရာ Sensor တွေကို တွေ့ရပါတယ်။
ဒါပေမယ့် Foldable စမတ်ဖုန်းတွေမှာ ထွက်လာရင် ရှေ့ကင်မရာ၊ နောက်ကင်မရာ ခွဲနေစရာ မလိုတော့ဘဲ အဓိက ကင်မရာတခုတည်းကို Deviece အဖွင့်၊ အပိတ် အနေအထားပေါ် မူတည်ပြီး ရှေ့ကော နောက်ကော ဘက်စုံ အသုံးချလာပြီး၊ အခုထက် ပိုအရည်အသွေးကောင်းတဲ့ Selfie တွေ ရိုက်လာနိုင်မှာပါ။ ၂၀၁၅ လောက်မှာ Oppo က ထုတ်ဖူးတဲ့ N1 စမတ်ဖုန်းရဲ့ ဟိုဘက်၊ ဒီဘက် လှည့်နိုင်တဲ့ ကင်မရာဒီဇိုင်းမျိုးနဲ့ အနည်းငယ် ဆင်ပါတယ်။
(၃) ဖုန်းမှန်ကွဲတာမျိုး နည်းပါးလာမယ်
ဖုန်းမှန်ကွဲအက်တာမျိုး မရှိတော့ဘူးလို့ ပြောလို့မရနိုင်ပေမယ့်၊ သေချာတာတခုကတော့ Screen အပျော့တွေဟာ အရင်Screen တွေထက် ကွဲအက်နိုင်ခြေ ပိုနည်းလာမှာပါ။
(၄) ဝယ်ယူသူတွေအတွက် ရွေးချယ်စရာ ပိုများလာမယ်
အခု စမတ်ဖုန်းဝယ်ရင် ပရိုဆက်ဆာ၊ ကင်မရာ၊ Display စသဖြင့် လောက်ပဲ အဓိက ကြည့်ပြီး ရွေးချယ်ဝယ်ယူကြပါတယ်။ ဒါပေမယ့် နောက်နှစ်အနည်းငယ်အတွင်းမှာ ပိုမို စဉ်းစား ရွေးချယ်စရာတွေ ပိုများလာမှာပါ။
Foldable ဖုန်းတွေ စထွက်လာရင်တောင် ဖုန်းထုတ်လုပ်သူတွေအနေနဲ့ ရှိသမျှ ဖုန်းမော်ဒယ်တိုင်းကို ခေါက်ချိုးနိုင်တဲ့ ဖုန်းအဖြစ် ထုတ်ဦးမှာ မဟုတ်သေးပါဘူး။ ကိုယ်အသုံးပြုမှုအပေါ် မူတည်ပြီး Foldable Screen နဲ့ ကိုင်ရင် ကောင်းမလား၊ ရိုးရိုးပဲ ကိုင်ရင် ကောင်းမလားဆိုပြီး စိတ်ကြိုက် ရွေးချယ် နိုင်ဦးမှာပါ။
ဖုန်းထုတ်လုပ်သူတွေ ဘက်ကကြည့်ရင်လည်း အခုလို ကိုယ်ထည်ပြည့် Display တွေ ခေတ်စား နေတဲ့အချိန်မှာ ရှေ့ကင်မရာကိုတောင် ဘယ်နားထားလို့ ထားရမှန်းမသိဖြစ်နေကြတဲ့ ဘဝကနေ ဖုန်းမှာ နေရာလွတ်တွေ အများကြီးထွက်လာတာနဲ့အမျှ သူတို့ရဲ့ ကိုယ်ပိုင် စိတ်ကူးစိတ်သန်းတွေကိုလည်း ဖုန်းမှာ ကျယ်ကျယ်ဝန်းဝန်း ထည့်သွင်းလာနိုင်မှာဖြစ်ပါတယ်။
(၅)Tablet တွေရဲ့ ဇာတ်သိမ်းခန်း
Tablet တွေဟာ အခုအခါမှာလည်း တော်တော် ရောင်းအားကျလာတဲ့ ထုတ်ကုန်ပစ္စည်းတွေ ဖြစ်ပါတယ်။ စမတ်ဖုန်း၊ Tablet နဲ့ လက်ပ်တော့ ဆိုတဲ့ အမျိုးအစားသုံးခုဟာ နည်းပညာလောကမှာ တဖြည်းဖြည်းနဲ့ အမျိုးအစားတခုတည်းအဖြစ် ပေါင်းစည်းလာတာကို သတိထားကြမိမှာပါ။ ထင်ရှားတာ တခုပြရရင် Microsoft Surface Pro ကို ကြည့်ပါ။ Tablet လည်း ဟုတ်၊ လက်ပ်တော့လည်း ဟုတ်ပါတယ်။
Foldable ဖုန်းတွေမှာလည်း ထိုနည်းတူပါပဲ။ ခေါက်ထားတဲ့ Display နှစ်ခုကို ဆက်ပြီး၊ Tablet အနေနဲ့ သုံးလို့ရလာမယ်။ ဒါမှမဟုတ်ရင် Display တခုကို ထောင်ပြီး အောက်က Display ကို ကီးဘုတ်အနေနဲ့ သုံးကာ စာစီစာရိုက်တွေကို ကွန်ပျူတာ တလုံးလို မြန်ဆန်စွာ လုပ်လာ နိုင်ပါလိမ့်မယ်။ ဒီအခါကျရင် တက်ဘလက်တွေဟာ ဈေးကွက်ထဲက လုံးဝထွက်ပေးရဖို့ ရှိပါတယ်။
Foldable ဖုန်းတွေရဲ့ အားသာချက်တွေပဲ ပြောပြီးပြီဆိုတော့ အဓိက အားနည်းချက်ကို ပြောရအောင်။ အဓိက အားနည်းချက်ကတော့ ဒီဖုန်းတွေဟာ နည်းပညာအသစ်ဖြစ်တာကြောင့် စစချင်း ဈေးအရမ်း ကြီးပါလိမ့်မယ်။ သုံးရတဲ့ အတွေ့အကြုံမှာလည်း အားနည်းချက်တွေ ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ ဒီအားနည်းချက်တွေ လျော့ပါးလာပြီး အားလုံး လိုလို Foldable ဖုန်းကိုယ်စီ ကိုင်ထားတာကို မြင်တွေ့ရနိုင်ပါတယ်။
စာဖတ်သူကော Foldable ဖုန်းတွေအပေါ် ဘယ်လို အမြင်ရှိလဲဆိုတာ လွတ်လပ်စွာ မျှဝေပေးသွားပါဦး။
Ref: Android Authority