နာမည်ကြီး AK-47 မောင်းပြန်ရိုင်ဖယ်သေနတ်ထုတ်လုပ်သူကုမ္ပဏီဖြစ်တဲ့ Kalashnikov ဟာ Elon Musk ရဲ့ Tesla လျှပ်စစ်ကားတွေနဲ့ ယှဉ်ပြိုင်မယ့် လျှပ်စစ်ကားရှေ့ပြေးမော်ဒယ်တစီးကို မိတ်ဆက်ပြသခဲ့ပါတယ်။
Kalashnikov Group ဟာ CV-1 လို့ အမည်ပေးထားတဲ့ ခေတ်ဟောင်းကားပုံစံ အပြာရောင်လျှပ်စစ်ကားကို ကြာသပတေးနေ့က ရုရှားနိုင်ငံ၊ မော်စကိုမြို့နားမှာ ပြုလုပ်ခဲ့တဲ့ လက်နက်ပြပွဲမှာ ပြသခဲ့တာပါ။
Lada ကားဒီဇိုင်းနဲ့ ဆင်တူတဲ့ CV-1 လျှပ်စစ်ကားဟာ ၁၉၇၀ ခုနှစ်တုန်းက ထုတ်လုပ်ခဲ့တဲ့ ‘Izh-Kombi’ ဆိုဗီယက်အမိုးဖွင့်ကားဒီဇိုင်းကို မှီငြမ်း ထုတ်လုပ်ထားတာဖြစ်တယ်လို့ Kalashnikov က ပြောကြားခဲ့ပါတယ်။
Kalashnikov ရဲ့ CV-1 လျှပ်စစ်ကားဟာ 500 kW အားရှိပြီး၊ အမြန်ဆုံး တနာရီကို ၈၀ ကီလိုမီတာနှုန်းအထိ မောင်းနှင်နိုင်မယ့် လျှပ်စစ်ကားတစီးဖြစ်ပါတယ်။ အားတခါသွင်းပြီးရင် မိုင်ပေါင်း ၂၂၀ အထိ မောင်းနှင်နိုင်ပြီး၊ ၆ စက္ကန့်အတွင်းမှာ ၀ ကနေ တနာရီမိုင် ၆၀ နှုန်းအထိ အရှိန်မြှင့်တင်နိုင်တဲ့ စူပါလျှပ်စစ်ကားတစီးဖြစ်တယ်လို့ ကုမ္ပဏီက ပြောကြားထားပါတယ်။
ဒါ့အပြင် ကားအတွင်းက လျှပ်စစ်အစိတ်အပိုင်းတွေကို ကားဘက်ထရီနဲ့ ပါဝါပေးဖို့အတွက် ‘နည်းပညာသစ်’ အင်ဗာတာကိုလည်း ထည့်သွင်းအသုံးပြုထားတယ်လို့ သိရပါတယ်။ Tesla လျှပ်စစ်ကားတွေကို ယှဉ်ပြိုင်နိုင်မယ့် ဘယ်လိုနည်းပညာသစ်တွေ ပါဝင်လဲဆိုတာကိုတော့ ကုမ္ပဏီက သေချာမပြောထားသေးပါဘူး။
“ ကုမ္ပဏီပိုင် နည်းပညာစနစ်အသစ်တွေကို အသုံးပြုထားတဲ့ လျှပ်စစ်စူပါကားရှေ့ပြေးမော်ဒယ်တခုကို ကျနော်တို့ ထုတ်လုပ်လျက်ရှိပါတယ်။ ဒီနည်းပညာဟာ ကျနော်တို့ကုမ္ပဏီကို Tesla တို့လို ကမ္ဘာ့ထိပ်သီးလျှပ်စစ်ကား ထုတ်လုပ်သူတွေနဲ့ ရင်ဘောင်တန်းနိုင်စေမယ့် နည်းပညာဖြစ်ပြီး၊ Tesla ကိုပါ ယှဉ်ပြိုင်နိုင်မှာဖြစ်ပါတယ်” လို့ Kalashnikov ရဲ့ သတင်းထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
Kalashnikov အနေနဲ့ လက်ရှိမှာ လျှပ်စစ်ကားကို စမ်းသပ်ထုတ်လုပ်ဆဲဖြစ်ကာ ဈေးနှုန်းနဲ့ ဝယ်ယူရရှိနိုင်မယ့် ရက်တွေကိုတော့ မသိရသေးပါဘူး။
Kalashnikov Concern ကုမ္ပဏီဟာ အခုအခါ လက်နက်တွေသာမက အဝတ်အထည်၊ ထီးနဲ့ မိုဘိုင်းဖုန်းကာဗာတွေပါ ထုတ်လုပ်ပြီး အမှတ်တံဆိပ်ချဲ့ထွင်ဖို့ ကြိုးစားလျက်ရှိပါတယ်။ ယခုတပတ်အစောပိုင်းတုန်းကလည်း ‘Igorek’ လို့ အမည်ပေးထားတဲ့ ၁၃ ပေမြင့်၊ လူထိန်းတိုက်ခိုက်ရေးစက်ရုပ်တမျိုးကို Kalashnikov ကုမ္ပဏီကနေ မိတ်ဆက်ပြသ ခဲ့ပါသေးတယ်။
Ref: DailyMail