Samsung ကနေ နောက်ဆုံးမိတ်ဆက်ထားတဲ့ Galaxy Note 9 ကို သြဂုတ်လ ၂၄ ရက်နေ့က စတင်ဝယ်ယူနိုင်ပြီ ဖြစ်ပါတယ်။
Samsung ဟာ Galaxy Note 9 မှာ Bluetooth ပါဝင်လာတဲ့ S Pen နဲ့အတူ အဆင့်မြှင့်တင်မှု အမြောက်အများ ပြုလုပ်ထားပြီး၊ ကိုယ်ပိုင် Digital Assistant ဖြစ်တဲ့ Bixby ကိုလည်း အဆင့်မြှင့်တင်မှုတွေ လုပ်ထားပေးပါတယ်။ ဒါပေမယ့် အရင် Note 8 ၊ Galaxy S8 နဲ့ Galaxy S9 ဖုန်းတွေမှာ Bixby ခေါ်တဲ့ ခလုတ်ကို ပိတ်ထားချင်သူတွေအတွက် ပိတ်ထား နိုင်ခွင့်ပေးခဲ့ပေမယ့်၊ Galaxy Note 9 မှာတော့ ရွေးချယ်ခွင့်မရှိ အသုံးပြုရတော့မှာ ဖြစ်ပါတယ်။
Samsung ဟာ အသံအတိုးအချဲ့ခလုတ်အောက်မှာရှိတဲ့ Bixby ခလုတ်ကို မကြာခဏ မှားနှိပ်မိတာ မျိုးတွေ ရှောင်ရှား နိုင်ဖို့အတွက် အရင် Galaxy ဖုန်းတွေမှာ အဆိုပါခလုတ်ကို လုံးဝပိတ်ထားနိုင်တဲ့ Option တခု ထည့်ပေးခဲ့ပါတယ်။
Galaxy S8, Note 8 နဲ့ S9 ဖုန်းတွေရဲ့ Settings ထဲမှာ ‘Bixby Key’ ဆိုပြီး setting ထည့်သွင်းပေးခဲ့ပေမယ့် အခု Note 9 မှာတော့ ဒီ setting ကို လုံးဝဖြုတ်ပစ်လိုက်တာ တွေ့ရပါတယ်။ ဒါကြောင့် Galaxy Note 9 ကိုင်သူတွေအနေနဲ့ အရင်လို Bixby ခလုတ်ကို ပိတ်ထားနိုင်ခွင့်ရှိမှာမဟုတ်တော့ပါဘူး။ Settings ထဲမှာ Bixby key လို့ ရိုက်ပြီး ရှာရင်တောင် Screen အလွတ်ပဲ ပေါ်လာတော့မှာပါ။
ဒါဟာ မပြောပလောက်တဲ့ ပြောင်းလဲမှုဆိုပေမယ့် Bixby ခလုတ်ကို ခဏခဏ မှားနှိပ်မိတတ်တဲ့သူတွေ အတွက် ကတော့ တကယ့်စိတ်အနှောင့်အယှက်ဖြစ်စရာပါ။ Bixby ခလုတ်ရှိတဲ့နေရာကလည်း အသံအတိုးအချဲ့ ခလုတ် အောက်ဘက် ကပ်လျက်နားဆိုတော့ ပိုဆိုးပါတယ်လို့ အသုံးပြုသူအချို့က ဝေဖန်ထားကြပါတယ်။
Galaxy Note 9 မှာ Bixby ဗားရှင်းအသစ်ကို စတင်ထည့်သွင်းပေးခဲ့တာကြောင့် Bixby အသုံးပြုသူ ပိုမိုများပြားလာစေဖို့ ရည်ရွယ်ချက်နဲ့ အခုလို ခလုတ်ပိတ်နိုင်တဲ့ Option ဖြုတ်ပစ်လိုက်တာဖြစ်ဖို့များပြီး၊ နောက်ထပ် Software Update တွေမှာ ပြန်လည်ထည့်သွင်းပေးမလားဆိုတာကတော့ စောင့်ကြည့်ရမှာပါ။
Ref: The Verge