ကမ္ဘာ့ဈေးကွက်မှာ Tablet ဝယ်လိုအားကျဆင်းလာပေမယ့် Lenovo ကတော့ Tablet မော်ဒယ်အသစ် စုစုပေါင်း ၅ မျိုးကို မိတ်ဆက်လိုက်ပါတယ်။ မော်ဒယ် ၅ မျိုးလုံးက တန်ဖိုးနည်း Tablet တွေချည်းဖြစ်ပြီး၊ အနိမ့်ဆုံး ဒေါ်လာ ၇၀ နဲ့ စတင်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။
Tab E7 ၊ E8 ၊ E10 ၊ P10 နဲ့ M10 တန်ဖိုးနည်း Tablet ၅ လုံးမှာ E7 က Android 8.1 Oreo (GO Edition) နဲ့ ဖြစ်ပြီး၊ ကျန်မော်ဒယ်အများစုကတော့ Android 8.1 Oreo ပုံမှန်ဗားရှင်းတွေနဲ့ ဖြစ်ပါတယ်။
Tab E7 မှာ ၇ လက်မအရွယ် မျက်နှာပြင်ကို အသုံးပြုထားပြီး၊ 1024 x 600 pixels Display နဲ့ ဖြစ်ပါတယ်။ အခြေခံ Specifications နဲ့ နောက်ဆုံးပေါ် Android စနစ် သုံးချင်သူတွေအတွက် ရည်ရွယ်ထားတဲ့ Android Oreo GO Edition နဲ့ ဖြစ်ပြီး၊ 1.3GHz MediaTek Processor ၊ 1GB RAM နဲ့ 16GB Internal Storage တို့သာ ပါရှိမှာဖြစ်ပါတယ်။ microSD ကတ် ထပ်စိုက်နိုင်ပြီး၊ ၅ နာရီစာ ဗီဒီယိုဆက်တိုက်ကြည့်နိုင်တဲ့ 27,50mAh ဘက်ထရီ ပါဝင်မှာဖြစ်ပါတယ်။
Lenovo Tab E8 ကတော့ Android Nougat အသုံးပြုထားတဲ့ ၉၉ ဒေါ်လာတန် Tablet ဖြစ်ပြီး၊ ၈ လက်မအရွယ် (1200×800 pixels) IPS LCD Display ၊ MediaTek MT8163B Processor ၊ 1GB RAM ၊ 16GB Storage တို့ပါဝင်ကာ microSD ကတ်လည်း ထပ်စိုက်နိုင်မှာဖြစ်ပါတယ်။ ၁၀ နာရီစာ ဗီဒီယိုဆက်တိုက်ကြည့်နိုင်တဲ့ 4,850mAh ဘက်ထရီ ပါဝင်ပြီး၊ Dolby Atmos စပီကာတလုံးလည်း ပါဝင်တဲ့အတွက် ဖျော်ဖြေရေးပိုင်းအတွက် ပိုသင့်တော်မယ့် Tablet ဖြစ်ပါတယ်။
E စီးရီးရဲ့ နောက်ဆုံးမော်ဒယ်ဖြစ်တဲ့ E10 Tablet ကိုတော့ ၁၂၉ ဒေါ်လာနဲ့ ရောင်းချသွားမှာပါ။ သူကလည်း Android Oreo (GO Edition) နဲ့ ဖြစ်ပြီး၊ E10 ဆိုတဲ့အတိုင်း မျက်နှာပြင်အရွယ်အစား ၁၀ လက်မရှိမှာဖြစ်ပါတယ်။ Resolutions ကတော့ 1280×800 pixels ရှိပြီး၊ Snapdragon 210 Processor ၊ 2GB RAM နဲ့ 16GB Internal Storage ၊ microSD ကတ် slot တို့ ပါဝင်ပါမယ်။ Dolby Atmos ရတဲ့ စပီကာတွေလည်း ပါဝင်မယ်လို့ သိရပါတယ်။
P10 နဲ့ M10 Tablet တွေကတော့ E စီးရီးထက် နည်းနည်းပိုကောင်းတဲ့ Tablet လိုချင်သူတွေအတွက် ဖြစ်ပြီး၊ ဈေးနှုန်းကိုတော့ ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။ M10 Tablet က 10.2-inch (1920×1200 pixels) IPS LCD Display နဲ့ ဖြစ်ကာ၊ စွမ်းဆောင်ရည်အသင့်အတင့်ရှိတဲ့ Snapdragon 450 SoC ၊ 3GB RAM နဲ့ 32GB Internal Storage တို့ ပါဝင်မယ်လို့ သိရပါတယ်။ Android Oreo နဲ့ဖြစ်ပြီး၊ microSD ကတ် ထပ်စိုက်နိုင်ပါတယ်။
အားလုံးထဲမှာ P10 က စွမ်းဆောင်ရည်အမြင့်ဆုံး Tablet ဖြစ်ပြီး၊ သူ့မှာ 10.1-inch (1920×1200 pixels) IPS LCD Display ၊ Snapdragon 450 SoC နဲ့ 4GB RAM တို့ကို အသုံးပြုထားပါတယ်။ Internal Storage က 64GB အထိ ဖြစ်သွားပြီး၊ microSD ကတ်လည်း ထပ်စိုက်နိုင်ဦးမှာပါ။ ဒါ့အပြင် ၁၅ နာရီဆက်တိုက် ဗီဒီယိုကြည့်နိုင်တဲ့ 7,000mAh ဘက်ထရီ ပါရှိပြီး၊ လက်ဗွေရာဆန်ဆာနဲ့ Dolby Atmos စပီကာလေးလုံးအထိ ပါဝင်မှာ ဖြစ်ပါတယ်။
M10 နဲ့ P10 Tablet တွေကို ယခုနှစ်ကုန်လောက်မှာ Amazon ကနေ မှာယူနိုင်ပြီး၊ ကျန်မော်ဒယ်သုံးခုကိုတော့ အောက်တိုဘာလအတွင်း Walmart ကနေ ဝယ်ယူနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
Ref: Engadget, Gadgets 360