ယခုနှစ်မှာ နည်းပညာကုမ္ပဏီ တော်တော်များများဟာ အသုံးပြုသူတွေရဲ့ ကျန်းမာရေးအခြေအနေကို အလေးပေး လုပ်ဆောင်လာကြတာ တွေ့ရပါတယ်။ လွန်ခဲ့တဲ့ ၁ လလောက်တုန်းက Instagram ဟာ App အသုံးပြုမှုအချိန်ကို ထိန်းချုပ်၊ တိုင်းတာပေးနိုင်မယ့် Tools အသစ်တွေကို စတင် ထုတ်ပေးခဲ့ပါတယ်။
ပြီးတော့ Google ရဲ့ Android 9 Pie စနစ်အသစ်မှာဆိုရင်လည်း ဖုန်းအသုံးပြုမှုအချိန်တွေကို အလွယ်တကူ သိရှိ၊ ထိန်းချုပ်နိုင်ဖို့အတွက် Digital wellbeing လို Feature အသစ်တွေ စတင်ထည့်သွင်းပေးခဲ့ပါတယ်။ အခုလည်း YouTube ဟာ အသုံးပြုသူတွေကိုယ်တိုင် မိမိရဲ့ YouTube ကြည့်ရှုမှု အချိန်တွေကို သိရှိ၊ ထိန်းချုပ်နိုင်မယ့် Feature သစ်တရပ်ကို ထည့်သွင်းပေးလိုက်ပြီ ဖြစ်ပါတယ်။
ယခုကစပြီး အသုံးပြုသူတွေအနေနဲ့ သူတို့ရဲ့ အကောင့် Menu ထဲဝင်လိုက်တာနဲ့ “Time Watched” ဆိုတဲ့ ပရိုဖိုင်တခုကို တွေ့မြင်ရမှာဖြစ်ပါတယ်။ အဆိုပါ ပရိုဖိုင်မှာတော့ ယနေ့ အချိန် ဘယ်လောက် ကြည့်ပြီးပြီ၊ မနေ့ကနဲ့ လွန်ခဲ့တဲ့ တပတ်မှာတော့ အချိန်ဘယ်လောက်အထိ ကြည့်ပြီးသွားပြီ ဆိုတာကို အတိအကျ ဖော်ပြပေးထားမှာ ဖြစ်ပါတယ်။
“ကျနော်တို့ ရည်ရွယ်ချက်ကတော့ YouTube မှာ အချိန်ဘယ်လောက် ကုန်နေပြီလဲဆိုတာကို ပိုမို လွယ်ကူစွာ သိရှိနိုင်ဖို့ဖြစ်ပါတယ်။ ဒီအပေါ်မူတည်ပြီး အသုံးပြုသူအနေနဲ့ YouTube ကို ကိုယ့်အတွက် အကျိုးရှိဆုံးဖြစ်အောင် ဘယ်လိုအသုံးချမလဲဆိုတာကို သေချာဆုံးဖြတ်နိုင်မှာ ဖြစ်ပါတယ်” လို့ ကုမ္ပဏီက Blog ပို့စ်မှာ ရေးသားခဲ့ပါတယ်။
YouTube အရမ်းကြည့်တတ်သူ တယောက်ဆိုရင်လည်း ကိုယ့်ဘာသာ ပြန်ထိန်းချုပ်နိုင်ဖို့အတွက် ကြည့်ရှုချိန် အရမ်းကြာလာရင် ခဏနားဖို့ သတိပေးနိုင်မယ့် Feature ကိုလည်း ထည့်ပေးထားတာ တွေ့ရပါတယ်။ သတ်မှတ်အချိန်ပြည့်သွားတာနဲ့ YouTube ကနေ သတိပေးစာ တက်လာမှာ ဖြစ်ပါတယ်။
ဒါပေမယ့် YouTube ဟာ ကိုယ့်မိဘ မဟုတ်တဲ့အတွက် ဆက်မကြည့်တော့အောင် အတင်းအကြပ် တားမြစ်မှာ မဟုတ်ဘဲ၊ ထပ်ကြည့်ချင်ရင် အလွယ်တကူ “dismiss” လုပ်ပြီး ဆက်ကြည့်နိုင်ပါတယ်။
Ref: The Verge