Acer ဟာ သြဂုတ်လ ၂၉ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ IFA Berlin ပွဲမှာ Swift 7 ရဲ့ ဗားရှင်းအသစ်ကို မိတ်ဆက်သွားခဲ့ပါတယ်။ ယခုနှစ်အစောပိုင်းတုန်းက CES ပွဲမှာ မိတ်ဆက်ခဲ့တဲ့ Swift 7 မော်ဒယ်ထက်ကို ၁၀ မီလီမီတာ ပိုပါးပြီး၊ ဘောင်မဲ့ edge-to-edge display လည်း ပါဝင်လာတာကို တွေ့ရပါတယ်။
Acer Swift 7 ရဲ့ Display ဟာ အခုဆိုရင် Screen နဲ့ ကိုယ်ထည်အချိုး ၉၂ ရာခိုင်နှုန်းအထိ ရှိလာပြီး၊ အလေးချိန် အားဖြင့်လည်း ၂ ဒဿမ၂ ပေါင် မပြည့်တပြည့်ပဲ ရှိပါတော့တယ်။ 8th Generation Intel Core i7 Processor နဲ့ ထုတ်လုပ်သွားမယ့် ယခု Swift 7 ကို ကမ္ဘာ့အပါးဆုံး လက်ပ်တော့လို့ Acer က ကြွေးကြော်ထားပါတယ်။
Display အရွယ်အစားကတော့ အရင် မော်ဒယ်အတိုင်း ၁၄ လက်မပဲ ဖြစ်ပေမယ့်၊ ဘောင်တွေကို ၄ ဒဿမ၂၇ မီလီမီတာပဲ ရှိတဲ့အထိ လျော့ချနိုင်ခဲ့တာကြောင့် လက်ပ်တော့အရွယ်အစားက ၁၅ ရာခိုင်နှုန်းအထိ ပိုသေးသွားပါတယ်။
လက်ပ်တော့ အလေးချိန်ပေါ့ပါးအောင် မဂ္ဂနီဆီယမ်သတ္တုပစ္စည်းကို အသုံးပြု ထုတ်လုပ်ထားတယ်လို့ သိရပါတယ်။ ဘောင်မရှိတော့တဲ့အတွက် Webcam ပါလာဦးမလား၊ မပါလာတော့ဘူးလား ဆိုတာကတော့ Acer က မပြောရသေးပါဘူး။
Acer Swift 7 မှာ ပါဝင်မယ့် Specifications တွေ၊ ဈေးနှုန်းနဲ့ ထွက်မယ့်ရက် တို့ကိုတော့ ကုမ္ပဏီဘက်က တရားဝင် ကြေညာရခြင်း မရှိသေးပါဘူး။
Ref: The Verge