Huawei ဟာ Apple ကို ကျော်ဖြတ်ပြီး ကမ္ဘာ့ဒုတိယမြောက်အကြီးဆုံး ဖုန်းထုတ်လုပ်သူကုမ္ပဏီဖြစ်သွားပါပြီ။
Apple ဟာ ဈေးကွက်ဝေစုအရ ရှစ်နှစ်အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် နံပါတ် ၁ နဲ့ ၂ နေရာကနေ ဆင်းပေး လိုက်ရတာလည်း ဖြစ်ပါတယ်။
၂၀၁၈ ခုနှစ်၊ ဒုတိယသုံးလပတ်အတွင်းမှာ ကမ္ဘာတဝှမ်းစမတ်ဖုန်းရောင်းချရမှုဟာ စုစုပေါင်း အလုံးရေ ၃၇၄ သန်းရှိခဲ့ပြီး၊ ယမန်နှစ် ဒုတိယသုံးလပတ်ထက် ၂ ရာခိုင်နှုန်း တိုးတက်လာတယ်လို့ UK အခြေစိုက် ဈေးကွက်လေ့လာရေးကုမ္ပဏီ Gartner က ဖော်ပြခဲ့ပါတယ်။
အလုံးရေ ၃၇၄ သန်းမှာ Huawei က ၄၉ သန်း တင်ပို့ရောင်းချခဲ့ရပြီး၊ Apple က အလုံးရေ ၄၄ သန်းပဲ ရှိခဲ့တာကြောင့် ဒုတိယမြောက်အကြီးဆုံးစမတ်ဖုန်းကုမ္ပဏီနေရာကို Huawei က သိမ်းပိုက်သွားခဲ့တာဖြစ်ပါတယ်။ Gartner ရဲ့ ယခု ဈေးကွက်အစီရင်ခံစာဟာ ယခုလအစောပိုင်းတုန်းက IDC က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာနဲ့လည်း ကိုက်ညီမှုရှိနေတာ တွေ့ရပါတယ်။
“ Huawei ရဲ့ စမတ်ဖုန်းရောင်းအားဟာ ၂၀၁၈ ခုနှစ်၊ ဒုတိယသုံးလပတ်မှာ ၃၈.၆ ရာခိုင်နှုန်းအထိ တိုးတက်လာတာ တွေ့ရပါတယ်။ Huawei အနေနဲ့ တီထွင်ဆန်းသစ်မှုအပြည့် Features တွေကို စမတ်ဖုန်းတွေထံ ဆက်လက် ယူဆောင်လာပေးနိုင်သလို၊ ဈေးကွက်ကဏ္ဍအလိုက် စမတ်ဖုန်းမော်ဒယ်စီးရီးတွေကိုလည်း ချဲ့ထွင်ထုတ်နိုင်ခဲ့ပါတယ်” လို့ Gartner ရဲ့ သုတေသနရေးရာဒါရိုက်တာ ဖြစ်သူ Anshul Gupta က ပြောကြားခဲ့ပါတယ်။
Huawei အနေနဲ့ Honor အမှတ်တံဆိပ် စမတ်ဖုန်းတွေကို တကမ္ဘာလုံးက ဈေးကွက်ပေါင်း ၇၀ ကျော်မှာ ရောင်းချနိုင်ခဲ့ ခြင်းကလည်း Huawei ကုမ္ပဏီတိုးတက်မှုရဲ့ အဓိကသော့ချက်လည်း ဖြစ်တယ်လို့ Gupta က မှတ်ချက်ပေးထားပါတယ်။
ကမ္ဘာ့အကြီးဆုံးစမတ်ဖုန်းထုတ်လုပ်သူစာရင်းရဲ့ ထိပ်ဆုံးနေရာကိုတော့ Samsung က ဆက်လက်သိမ်းပိုက်ထားဆဲပဲ ဖြစ်ပါတယ်။ Samsung ဟာ ၂၀၁၈ ဒုတိယနှစ်ဝက်မှာ အလုံးရေ ၇၂ သန်းကျော် ရောင်းချပြီး ဈေးကွက်ဝေစု ၁၉.၃ ရာခိုင်နှုန်း သိမ်းပိုက်ထားနိုင်ကာ၊ Huawei က အလုံးရေ ၄၉ သန်းနဲ့ ဈေးကွက်ဝေစု ၁၃.၃ ရာခိုင်နှုန်း ရထားပါတယ်။
Apple ကတော့ အလုံးရေ ၄၄ သန်းနဲ့ ဈေးကွက်ဝေစု ၁၁.၉ ရာခိုင်နှုန်း ရယူထားကာ တတိယနေရာမှာ ရပ်တည်လျက် ရှိပါတယ်။ စတုတ္ထနဲ့ ပဉ္စမနေရာမှာတော့ Xiaomi က ဈေးကွက်ဝေစု ၈.၈ ရာခိုင်နှုန်း၊ Oppo က ၇.၆ ရာခိုင်နှုန်းနဲ့ အသီးသီး ရပ်တည်လျက်ရှိပါတယ်။
Operating System အပိုင်းမှာတော့ Google ရဲ့ Android OS က ဈေးကွက်ဝေစု ၈၈ ရာခိုင်နှုန်းနဲ့ အများဆုံး သိမ်းပိုက်ထားပြီး၊ iOS ကတော့ ၁၁.၉ ရာခိုင်နှုန်း ရှိတာ တွေ့ရပါတယ်။
Ref: Digit, Gadgets 360