ဘောင်မဲ့ Display ဟာ စမတ်ဖုန်းတွေတင်မကဘဲ လက်ပ်တော့တွေမှာပါ ခေတ်စားလာပြီ ဖြစ်ပါတယ်။ Asus ကလည်း သူ့ရဲ့ ZenBook မော်ဒယ်အသစ်တွေမှာ Display ဘောင်ကို လုံးဝဖြုတ်ချလိုက်ပြီး၊ ဘောင်မဲ့ Display အသုံးပြုထားတဲ့ ZenBook 13, 14 နဲ့ 15 မော်ဒယ်အသစ်တွေကို လက်ရှိကျင်းပလျက်ရှိတဲ့ IFA 2018 ပွဲမှာ မိတ်ဆက်လိုက်ပါတယ်။
Display ဘောင်မပါဝင်တော့တာကြောင့် ၁၄ လက်မ ZenBook မော်ဒယ်ကတောင် အရင် ၁၃ လက်မမော်ဒယ်ထက် အရွယ်အစားသေးသွားပါတယ်။ ZenBook တွေဟာ Asus ရဲ့ mid-range လက်ပ်တော့မော်ဒယ်တွေဖြစ်ပေမယ့်၊ ဘောင်မဲ့ Display ကြောင့် တချို့ ပရီမီယမ်လက်ပ်တော့တွေထက်တောင် ပိုမိုဆွဲဆောင်မှုရှိနေတာကို တွေ့ရမှာပါ။
ZenBook 13, 14 နဲ့ 15 မော်ဒယ်တွေက Display အသစ်ဟာ အရင်ထက် ပိုမိုတောက်ပြောင်လာပြီး၊ အလင်းရောင်၊ အရောင်စုံလင်မှုနဲ့ ကာလာကွဲပြားမှုအပိုင်းတွေမှာ ပိုမိုကောင်းမွန်လာပါတယ်။
Display အပေါ်မှာ ဘောင်မရှိတော့ပေမယ့် HD webcam ကို Screenအပေါ်ဘက်မှာ ရအောင် ဆက်ထည့်ထားပြီး၊ အနီအောက်ရောင်ခြည်သုံးကင်မရာတွေပါရှိတာကြောင့် Windows Hello စနစ်နဲ့ မိမိမျက်နှာကို အသုံးပြုပြီး၊ လက်ပ်တော့ ကို Log in ဝင်ရောက်နိုင်မှာဖြစ်ပါတယ်။
လက်ပ်တော့တွေရဲ့ Hinge ( Display အဖွင့်အပိတ်ပတ္တာ) ကလည်း ဒီဇိုင်းပြောင်းလဲသွားပြီး၊ ကီးဘုတ်နေရာက အနည်းငယ်အပေါ်ကို မြောက်တက်နေမှာဖြစ်တာကြောင့် စာရိုက်ရတာ ပိုအဆင်ပြေလာမှာပါ။
Specifications တွေအနေနဲ့ကတော့ ZenBook မော်ဒယ်အသစ်အကုန်လုံးမှာ 8th-Gen Intel Core processors တွေကို အသုံးပြုသွားမှာဖြစ်ပြီး၊ အမြင့်ဆုံးအနေနဲ့ quad-core Core i7, Nvidia GeForce GTX 1050 Max-Q ၊ 16GB RAM နဲ့ PCIe SSD Storage တို့ ရွေးချယ်နိုင်မှာဖြစ်ပါတယ်။
Ports တွေကိုတော့ အရင်မော်ဒယ်အတိုင်း ဆက်လက်မြင်တွေ့ရမှာဖြစ်ပေမယ့်၊ SD card reader တော့ ပါလာတော့မှာမဟုတ်ပါဘူး။ USB-A Port နှစ်ခုနဲ့ USB-C Port တခုတို့ ပါဝင်လာမှာဖြစ်ပြီး၊ USB-C Port ကနေ လက်ပ်တော့ကို အားသွင်းနိုင်မှာဖြစ်ပါတယ်။
Asus ဟာ ZenBook အသစ်တွေမှာ ကီးဘုတ်ကိုလည်း အဆင့်မြှင့်တင်ထားပြီး၊ အရင်လို ပလတ်စတစ်မဆန်တော့ဘဲ သတ္တုဘက် နည်းနည်း ပိုဆန်လာပါတယ်။ ပထမဦးဆုံးအနေနဲ့ ကီးဘုတ်အောက်ခံမီးလည်း ပါဝင်လာမှာပါ။ ZenBook 13 နဲ့ ZenBook 14 တို့မှာ Trackpad ကို Numpad အဖြစ်လည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။
Asus ZenBook 13 နဲ့ 14 တို့ကို Full HD Display နဲ့ ရရှိနိုင်ပြီး၊ ZenBook 15 ကိုတော့ 4K Display အထိ ရရှိနိုင်မှာဖြစ်ပါတယ်။ မော်ဒယ်သုံးခုလုံးကို နောက်လထဲ စတင်ရောင်းချသွားမှာဖြစ်ပြီး၊ အနိမ့်ဆုံး ၈၉၉ ဒေါ်လာကနေ စတင်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။
Ref: The Verge