တကမ္ဘာလုံးက iPhone ပရိတ်သတ်တွေအတွက် စိတ်ဝင်စားစရာ အကောင်းဆုံးအချိန်ကတော့ ရောက်ရှိလို့ လာပါပြီ။ Apple ဟာ နှစ်စဉ်ကျင်းပနေကြဖြစ်တဲ့ iPhone အသစ် မိတ်ဆက်ပွဲကို ယခုလာမယ့် စက်တင်ဘာလ ၁၂ ရက်နေ့မှာ ပြုလုပ်သွားမှာဖြစ်ကြောင်း တရားဝင် ထုတ်ပြန် ကြေညာလိုက်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် iPhone အသစ်တွေကို မြင်ရဖို့ နောက်ထပ် ၁၂ ရက်ပဲ စောင့်ရတော့မှာပါ။
စက်တင်ဘာလ ၁၂ ရက်နေ့ Apple Special Event ကို မနှစ်ကမှ စတင်ဖွင့်လှစ်ခဲ့တဲ့ Apple Park ရုံးချုပ်အသစ်ကြီးက Steve Job Theater မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး၊ ပွဲကျင်းပမယ့် အချိန်ကတော့ စက်တင်ဘာလ ၁၂ ရက်၊ မြန်မာစံတော်ချိန် ည ၁၁ နာရီခွဲမှာ ဖြစ်ပါတယ်။
Apple ဟာ ယခုပွဲအတွက် မီဒီယာဖိတ်စာမှာ ကြေးရောင်စက်ဝိုင်း တခုကိုသာ ဖော်ပြထားပြီး၊ “Gather round” လို့ ရေးသားထားတာ တွေ့ရပါတယ်။ ဖိတ်စာမှာ အသစ်မိတ်ဆက်မယ့် Product တွေနဲ့ ပတ်သက်ပြီး တစွန်းတစတောင် မဖော်ပြထားတဲ့အတွက် ဘာတွေ မိတ်ဆက်မှာလဲဆိုတာ ပိုလို့တောင် ရင်ခုန်စရာကောင်းနေပါပြီ။
လက်ရှိ သိထားရသလောက်ကတော့ Apple ဟာ “Gather round” ပွဲမှာ iPhone မော်ဒယ် အသစ် ၃ ခုကို မိတ်ဆက်သွားဖို့ ရှိပါတယ်။ ဒီသုံးလုံးထဲမှာ ၂ လုံးက OLED Display သုံးထားတဲ့ iPhone X upgrade အလုံးတွေဖြစ်ဖို့ရှိပြီး၊ တလုံးကတော့ 6.1-inch LCD Display သုံးထားတဲ့ ဈေးပို သက်သာမယ့် iPhone X မော်ဒယ်အသစ် ဖြစ်ဖို့ ရှိနေပါတယ်။ ဒါ့အပြင် Apple အနေနဲ့ အခု iPhone အသစ်တွေကို အရင်ကထက် အရောင်စုံစုံလင်လင်နဲ့ မိတ်ဆက်ဖို့ ရှိနေတယ်လို့လည်း သိထားရပါတယ်။ အရောင်စုံလင်လှပတဲ့ဖုန်းတွေ အများအပြားထွက်လာတဲ့ နှစ်မှာ iPhone ပရိတ်သတ်တွေအနေနဲ့လည်း ထူးထူးခြားခြား iPhone အရောင်တွေကို စတင်မြင်တွေ့ရဖို့ ရှိပါတယ်။
စိတ်မကောင်းစရာ သတင်းတခုကတော့ Apple ဟာ iPhone တွေရဲ့ အထင်ကရ Feature တခု ဖြစ်တဲ့ 3D Touch ကို အခုမော်ဒယ် အသစ်တွေမှာ ဖြုတ်ပစ်သွားဖို့ ရှိနေတယ်လို့ သိရပါတယ်။ Face Unlock ကို ၂၀၁၅ ခုနှစ်ကမှ စတင်မိတ်ဆက်ခဲ့ပေမယ့် အခုလို စောစောစီးစီး ဇာတ်သိမ်း သွားတာကတော့ စိတ်မကောင်းစရာပါ။
Apple ဟာ ဒီဇိုင်းပြောင်းလဲမှု အကြီးအကျယ်လုပ်ထားတဲ့ MacBook Air နဲ့ Mac Mini တို့ကိုလည်း အခု နှစ်ကုန်ပိုင်းလောက်မှာ မိတ်ဆက်ဖို့ ရှိပေမယ့်၊ ဒီ စက်တင်ဘာပွဲမှာတော့ တွေ့ရဦးမယ် မထင်ပါဘူး။
Ref: The Verge, 9to5Mac