လက်ရှိကျင်းပလျက်ရှိတဲ့ IFA 2018 ပွဲမှာ Lenovo ဟာ Snapdragon 850 Mobile Platform သုံး ကမ္ဘာ့ပထမဆုံး လက်ပ်တော့ဖြစ်တဲ့ Yoga C630 ကို မိတ်ဆက်သွားခဲ့ပါတယ်။
Lenovo Yoga C630 ဟာ Windows 10 အသုံးပြု Snapdragon လက်ပ်တော့ဖြစ်ပြီး၊ x86 နဲ့ x64 Apps အကုန်နီးပါး အသုံးပြုနိုင်မှာဖြစ်ပါတယ်။ OpenGL 1.1 အထက်နဲ့ anticheat နည်းပညာအသုံးပြုထားတဲ့ ဂိမ်းတွေတော့ ဒီလက်ပ်တော့မှာ ဆော့လို့ရမှာမဟုတ်ပါဘူး။
ဒါပေမယ့် Intel Processors မဟုတ်ဘဲ Snapdragon Processor သုံးထားတဲ့ အဓိကကောင်းကျိုးကတော့ ဘက်ထရီသက်တမ်း ပိုခံလာမှာဖြစ်ပြီး၊ ၂၅ နာရီအထိ အသုံးခံတယ်လို့ Lenovo နဲ့ Qualcomm ကုမ္ပဏီတို့က ပြောကြားထားပါတယ်။
Yoga C630 ဟာ Always-connected PC တလုံးဖြစ်ပြီး၊ အမြဲဖွင့်ထားနိုင်ကာ Standby အခြေအနေကနေလည်း ချက်ချင်းဖွင့်ပြီး အသုံးပြုနိုင်မယ့် လက်ပ်တော့ဖြစ်ပါတယ်။ Wi-Fi ချိတ်ဆက်နိုင်သလို 4G LTE အသုံးပြုနိုင်ဖို့အတွက် SIM ကတ်ထည့်တဲ့ အပေါက်လည်း ပါဝင်မှာပါ။
Screen ဖြုတ်အသုံးပြုနိုင်တဲ့ 13-inch 2-in-1 လက်ပ်တော့တလုံးဖြစ်ပြီး၊ Full HD touchscreen display နဲ့ ဖြစ်ပါတယ်။ Lenovo ရဲ့ active pen လည်း အသုံးပြုနိုင်မှာပါ။ 4GB RAM နဲ့ 8GB RAM မော်ဒယ်နှစ်မျိုး ထွက်ရှိမှာဖြစ်ပြီး၊ Storage အနေနဲ့ 128GB ဒါမှမဟုတ် 256GB UFS 2.1 storage နဲ့ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။
Yoga C630 မှာ အလူမီနီယမ်ကိုယ်ထည်ကို အသုံးပြုထားပြီး၊ အနီအောက်ရောင်ခြည်နဲ့ Face Unlock စနစ်ကော၊ လက်ဗွေရာစနစ်ကော အသုံးပြုနိုင်မှာလည်း ဖြစ်ပါတယ်။ USB Type-C Port နှစ်ခု၊ DisplayPort တခု၊ GPS နဲ့ Stereo Speaker တွေလည်း ပါဝင်ပါတယ်။
စွမ်းဆောင်ရည်အားဖြင့် Snapdragon 850 ဟာ Snapdragon 845 ကိုမှ လက်ပ်တော့အတွက် ပြင်ဆင်ထုတ်လုပ်ထားတဲ့ Chipset ဖြစ်ပြီး၊ Windows 10 OS ရဲ့ သာမန်အလုပ်အားလုံး ချောချောမွေ့မွေ့လုပ်ဆောင်နိုင်ပါတယ်။ Multitasking မှာ Lag တာပြုတာမျိုးလည်း မရှိဘဲ၊ လက်ပ်တော့ပူလာတာမျိုးလည်း ရှိမှာမဟုတ်ပါဘူး။ Core i3 Processor ရဲ့ စွမ်းဆောင်ရည်နီးပါးလောက် ရတယ်လို့ သိရပါတယ်။
Lenovo Yoga C630 ဟာ လက်ရှိလက်ပ်တော့တွေထက် ဘက်ထရီသက်တမ်း အများကြီးပိုခံတဲ့ လက်ပ်တော့မျိုး လိုချင်သူတွေအတွက် အကြိုက်တွေ့မယ့်လက်ပ်တော့ဖြစ်ပြီး၊ ၈၅၀ ဒေါ်လာဈေးနဲ့ နိုဝင်ဘာလအတွင်း စတင်ဝယ်ယူနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
Ref: Windows Centra, Gadgets 360, The Verge