IT

အလုပ်သမားတွေရဲ့ ခွန်အားကို မြှင့်တင်ပေးမယ့် LG SuitBot

စက်ရုပ်နည်းပညာနယ်ပယ်ထဲ စတင်ခြေလှမ်းနေပြီဖြစ်တဲ့ LG ဟာ လက်ရှိကျင်းပလျက်ရှိတဲ့ IFA 2018 ပွဲမှာ အလုပ်သမားတွေရဲ့ ခွန်အားကိုမြှင့်တင်ပေးနိုင်မယ့် စက်ရုပ်ဝတ်စုံအသစ်တမျိုးကို မိတ်ဆက်ခဲ့ပါတယ်။

CLOi SuitBot လို့ အမည်ပေးထားတဲ့ စက်ရုပ်ဝတ်စုံ (robotic exoskeleton) ဟာ Artificial Intelligence နည်းပညာသုံး စက်ရုပ်ဝတ်စုံဖြစ်ပြီး၊ ဝတ်ဆင်သူရဲ့ အောက်ပိုင်းလှုပ်ရှားမှုကို အထောက်အကူပြုပေးမယ့် ဝတ်စုံဖြစ်ပါတယ်။ SuitBot ဟာ အလေးအပင်မရတဲ့ အလုပ်သမားတွေအတွက် ပိုမိုကြီးမားတဲ့ခွန်အားကို ပေးစွမ်းနိုင်မှာဖြစ်ပြီး၊ လှုပ်ရှားမှုကိုလည်း ပိုမို လွယ်ကူစေမှာဖြစ်ပါတယ်။

 

 

LG ဟာ SuitBot ကို တောင်ကိုရီးယားကုမ္ပဏီ SG Robotics နဲ့ ပူးပေါင်းထုတ်လုပ်ထားတာဖြစ်ပါတယ်။ ဝတ်ဆင်သူအနေနဲ့ သက်သောင့်သက်သာရှိရှိ လှုပ်ရှားနိုင်ဖို့အတွက် တကယ့်ခန္ဓာကိုယ်က အရိုးအဆစ်တွေ အတိုင်း လှုပ်ရှားလည်ပတ်နိုင်တဲ့ အဆစ်တွေကို အသုံးပြုထားပြီး၊ အလေးအပင်မပြီး လမ်းလျှောက်တာ၊ မတ်တပ်ရပ်တာ၊ အချိန်ကြာကြာ အလုပ်လုပ်ရ လွယ်ကူစေမှာဖြစ်တယ်လို့ ကုမ္ပဏီက ဆိုထားပါတယ်။

ဒီ့အပြင် အလိုအလျောက်ချိန်ညှိမှုပြုလုပ်ပေးနိုင်တဲ့ ‘ခြေစွပ်ဖိနပ်’ ပုံစံ ရှူးကိုလည်း အသုံးပြုထားပြီး၊ ဝတ်စုံထဲကို အလွယ်တကူ ဝင်၊ထွက်နိုင်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

 

 

SuitBot မှာ ပါဝင်တဲ့ Artificial Intelligence နည်းပညာကလည်း ဝတ်ဆင်သူရဲ့ ကျန်းမာရေးဒေတာအချက်အလက် တွေကို အချိန်နဲ့ တပြေးညီလေ့လာသိရှိနိုင်ပြီး၊ ဝတ်ဆင်သူရဲ့ အားနည်းချက်အလိုက် အလုပ်ပြီးမြောက်ဖို့ လိုအပ်တဲ့ ခွန်အားကို အလိုအလျောက်ပေးစွမ်းမှာဖြစ်ပါတယ်။ ဒါ့အပြင် အသုံးပြုမှုပုံစံအလိုက် ဝတ်ဆင်ရဲ့ ပါဝါသုံးစွဲမှုကို ချိန်ညှိပေး မှာဖြစ်ပြီး၊ ဘက်ထရီသက်တမ်း ပိုခံအောင် ပြုလုပ်ပေးမှာဖြစ်ပါတယ်။

LG ဟာ CLOi စီးရီး ဝန်ဆောင်မှုစက်ရုပ်တွေကို ဖန်တီးနေပြီး၊ ယခု SuitBot စက်ရုပ်ဝတ်စုံဟာ တခြား LG စက်ရုပ်တွေနဲ့ ချိတ်ဆက်အလုပ်လုပ်ကာ ‘အဆင့်မြင့်အလုပ်ခွင်ကွန်ှုရက်’ ကို ဖန်တီးလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

SuitBot နဲ့ ပတ်သတ်ပြီး ဈေးနှုန်းနဲ့ ဈေးကွက်ဖြန့်ချိမယ့်ရက်တို့ကိုတော့ LG ဘက်က မပြောကြားခဲ့ပါဘူး။

Ref: Cnet, Digital Trends

Loading