ပထမဆုံး Galaxy ခေါက်ဖုန်းကို ယခုနှစ်အတွင်း မြင်တွေ့ရဖို့ရှိကြောင်း Samsung အတည်ပြု
Huawei ဟာ Samsung ထက်အရင် ခေါက်ချိုးအသုံးပြုနိုင်တဲ့ဖုန်း ထုတ်လုပ်သူကုမ္ပဏီဖြစ်ဖို့ ကြိုးစားနေပေမယ့်၊ Samsung ကပဲ ဦးဆုံး မိတ်ဆက်သွားနိုင်ဖို့ များသွားပါပြီ။ Samsung ဟာ ခေါက်ချိုးအသုံးပြုနိုင်တဲ့ Foldable Display တွေကို ကိုယ်တိုင် ထုတ်လုပ်နိုင်တဲ့ အချက်ကလည်း Huawei ထက် အားသာမှုလို့ ဆိုရမှာပါ။
ယခုအခါမှာတော့ Samsung Mobile ရဲ့ CEO ဖြစ်သူ DJ Koh က ကုမ္ပဏီဟာ ပထမဆုံး ခေါက်ချိုးအသုံးပြုနိုင်တဲ့ Galaxy ဖုန်းကို ယခုနှစ်အတွင်း အစောဆုံးမိတ်ဆက်ဖို့ စီစဉ်နေကြောင်း အင်တာဗျူးတခုမှာ ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။
Samsung ဟာ သုံးစွဲသူတွေအနေနဲ့ Foldable ဖုန်းကို တကယ်လိုချင်ရဲ့လားဆိုတာကို စစ်တမ်းတခုကောက်ယူခဲ့ရာမှာလည်း လိုချင်သူများတာကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။
Samsung ဟာ ခေါက်ချိုးနိုင်တဲ့ OLED Mobile Display တွေကို ယခုနှစ်အတွင်း အပြီးထုတ်နိုင်ဖို့ ပြင်ဆင်နေတယ်ဆိုတဲ့သတင်းနဲ့ ယခု Samsung Mobile CEO ရဲ့ ပြောစကားတို့ဟာ ကိုက်ညီနေပါတယ်။ ဒါ့အပြင် ခေါက်ချိုးအသုံးပြုနိုင်တဲ့ Galaxy X စမတ်ဖုန်းကို ယခုနှစ်အတွင်း မိတ်ဆက်မယ်ဆိုတဲ့ ကောလာဟလသတင်းတွေနဲ့လည်း ကိုက်ညီမှု ရှိနေတာကြောင့် ဒီနှစ်မကုန်မီ ပထမဆုံး Foldable ဖုန်းကို တွေ့မြင်ရဖို့ တော်တော်များနေပါပြီ။
DJ Koh ဟာ ခေါက်ချိုးအသုံးပြုနိုင်မယ့် Galaxy ဖုန်းအကြောင်း အသေးစိတ် မပြောကြားသွားခဲ့ပေမယ့်၊ နိုဝင်ဘာ ၇ ရက်နေ့ကနေ ၈ ရက်နေ့အထိ ကျင်းပမယ့် Samsung Developers Conference 2018 မှာ ဒီဖုန်းကို စတင်မိတ်ဆက်ဖို့ ရှိတယ်လို့တော့ ပြောသွားခဲ့ပါတယ်။ Koh က ဒီဖုန်းဟာ လူစိတ်ဝင်စားအောင် ထုတ်ပြမယ့် ဖုန်းအစား အမှန်တကယ်အသုံးဝင်တဲ့ဖုန်းတလုံးဖြစ်မယ်လို့လည်း ကတိပေးခဲ့ဖူးပါတယ်။
ဆက်စပ် သတင်းလင့်ခ်များ – ကမ္ဘာ့ပထမဆုံး “ခေါက်ချိုး အသုံးပြုနိုင်တဲ့ဖုန်း” မိတ်ဆက်နိုင်ဖွယ်ရှိတဲ့ Samsung
Samsung ထက်အရင် ခေါက်ချိုးဖုန်းထုတ်ဖို့ ကြိုးစားနေတဲ့ Huawei
Ref: GSM Arena