Vivo ဟာ V11 ဆိုတဲ့ mid-range စမတ်ဖုန်းအသစ်ကို ယနေ့ပဲ တရားဝင်မိတ်ဆက်လိုက်ပါတယ်။ V11 ဟာ ယခုနှစ်အစောပိုင်းတုန်းက မိတ်ဆက်ခဲ့တဲ့ V9 ရဲ့ မျိုးဆက်သစ်ဖြစ်ပြီး၊ Vivo X21 က နည်းပညာတွေနဲ့ ညီအစ်မကုမ္ပဏီဖြစ်တဲ့ OPPO ရဲ့ F9 ဒီဇိုင်းတို့ကို ပေါင်းစပ်ထားတဲ့ ဖုန်းလို့ ဆိုနိုင်ပါတယ်။
OPPO F9 ဖုန်းလိုပဲ V11 မှာ V ပုံစံ notch ကို အသုံးပြုထားပြီး၊ အဆိုပါဒီဇိုင်းကို OPPO က “Waterdrop Screen” လို့ နာမည်ပေးထားကာ Vivo ကတော့ “Halo FullView Display” လို့ အမည်ပေးထားပါတယ်။ ယခု Notch ဒီဇိုင်းဟာ လောလောဆယ် ထွက်ထားတဲ့ ဖုန်းတွေထဲမှာ အသေးဆုံး Notch ဒီဇိုင်းပါ။
Vivo ဟာ X21 နဲ့ NEX ဖုန်းတွေမှာ အသုံးပြုခဲ့တဲ့ မျက်နှာပြင်အောက်လက်ဗွေရာဆန်ဆာနည်းပညာကို V11 ဖုန်းမှာ ထည့်သွင်းအသုံးပြုထားပြီး၊ Screen နဲ့ကိုယ်ထည်အချိုး အများဆုံးရအောင် လုပ်ပေးထားပါတယ်။
Specifications အနေနဲ့ကတော့ Snapdragon 660 SoC ၊ 6GB RAM နဲ့ 128GB Storage တို့ ပါဝင်မှာဖြစ်ပြီး၊ microSD ကတ် သပ်သပ်ထပ်စိုက်နိုင်တဲ့ triple SIM slot လည်း ပါဝင်မှာဖြစ်ပါတယ်။
Display အရွယ်အစားက 6.41-inch ရှိပြီး၊ full HD+ AMOLED Display ဖြစ်ပါတယ်။ Under Display Fingerprint Sensor အပြင် Face Access လည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။ X21 နဲ့ Nex S တို့မှာ သုံးထားတဲ့ 12MP f/1.8 + 5MP f/2.4 Dual Camera Lens ကို V11 မှာ ပြန်လည်အသုံးပြုပေးထားပြီး၊ ရှေ့ကင်မရာကတော့ AI စွမ်းဆောင်ရည်တွေ ပါဝင်တဲ့ 25MP, f/2.0 lens နဲ့ ဖြစ်ပါတယ်။
ဘက်ထရီကတော့ 3,400mAh ဘက်ထရီဖြစ်ပြီး၊ 18W အားအမြန်သွင်းစနစ် အသုံးပြုနိုင်ပါတယ်။ ရိုးရိုး microUSB port နဲ့ပဲဖြစ်ပြီး၊ USB Type-C နဲ့တော့ မဟုတ်ပါဘူး။ Android 8.1 Oreo စနစ်အခြေခံ Funtouch 4.5 နဲ ဖြစ်ကာ၊ CPU နဲ့ မမ်မိုရီတို့ကို စွမ်းဆောင်ရည်ကောင်းမွန်အောင် ချိန်ညှိပေးမယ့် Jovi AI Engine လည်း ပါဝင်လာမှာ ဖြစ်ပါတယ်။
Vivo V11 ကို Starry Night နဲ့ Nebula အရောင် ၂ မျိုးနဲ့ ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ကာ၊ စက်တင်ဘာလ ၆ ရက်နေ့က စတင်ပြီး ထိုင်းနိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့မှာ အရင် ရောင်းချသွားမှာဖြစ်ပါတယ်။ ဈေးနှုန်းတော့ မသိရသေးဘဲ မြန်မာငွေ လေးသိန်းနဲ့ ခြောက်သိန်းကြားမှာ ရှိမယ်လို့ ခန့်မှန်းထားပါတယ်။
ဆက်စပ်ဖတ်ရှုရန် – ရေစက်ကျနေတဲ့ပုံစံ “Waterdrop Display” နဲ့ ပွဲထွက်လာတဲ့ Oppo F9
Ref: The Verge, GSM Arena