ဂိမ်းကစားသူတွေ မျှော်လင့်ထားသလို အိုလံပစ်ပြိုင်ပွဲမှာ Esports ကို တွေ့မြင်ရတော့မှာ မဟုတ်ပါဘူး။
အိုလံပစ်ပြိုင်ပွဲကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဖြစ်သူ Thomas Bach က “အသတ်အဖြတ် ဂိမ်းတွေဟာ အကြမ်းဖက်မှုနဲ့ လူမျိုးရေးခွဲခြားမှုကို အားပေးတာကြောင့် အိုလံပစ်ပြိုင်ပွဲမှာ လက်ခံထည့်သွင်းဖို့ မဖြစ်နိုင်ဘူး” လို့ ပြောကြားလိုက်ပါတယ်။
“အကြမ်းဖက်မှုနဲ့ လူမျိုးရေးခွဲခြားမှုကို အားပေးတဲ့ ဂိမ်းတခုကို အိုလံပစ်အစီအစဉ်ထဲ ထည့်လို့ မဖြစ်ပါဘူး။ ဒီလို ‘အသတ်အဖြတ်ဂိမ်းတွေ’ ဟာ ကျနော်တို့ အမြင်မှာတော့ အိုလံပစ် စံချိန်စံနှုန်းတွေနဲ့ ဆန့်ကျင်ဘက်ဖြစ်နေတကြောင့် လက်ခံဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး” လို့ Bach က Asian Games ပြိုင်ပွဲကို တက်ရောက်ခဲ့စဉ်က ပြောကြားသွားခဲ့ပါတယ်။
မကြာမီက ဂျာကာတာမှာ ကျင်းပပြီးစီးခဲ့တဲ့ အာရှအားကစားပြိုင်ပွဲမှာ esports ကို ထည့်သွင်း ကျင်းပခဲ့ပေမယ့် ‘သရုပ်ပြပွဲ’ အနေနဲ့သာ ထည့်သွင်းကျင်းပခဲ့တာဖြစ်ပြီး၊ ဒီပွဲက ရတဲ့ ဆုတံဆိပ်တွေကို ပြိုင်ပွဲရဲ့ ဆုတံဆိပ်အရေအတွက်ထဲမှာ ထည့်မရေခဲ့ပါဘူး။
IOC ဟာ တကမ္ဘာလုံးမှာ ပရိတ်သတ် သန်းပေါင်း ၃၂၀ ခန့်အထိရှိလာပြီဖြစ်တဲ့ esports ကို အိုလံပစ်ပြိုင်ပွဲမှာ ထည့်သွင်းဖို့ ဂျူလိုင်လတုန်းက ဆွေးနွေးမှုတခု ပြုလုပ်ခဲ့ပါသေးတယ်။ ဒါပေမယ့် ဓားသိုင်းပြိုင်ပွဲမှာ အိုလံပစ်ရွှေတံဆိပ်တခု ရရှိခဲ့ဖူးတဲ့ Mr Bach ကတော့ esports ဟာ အိုလံပစ်မှာ ပါချင်ရင် အကြမ်းဖက်မှု ဒီထက်ပိုနည်းမှ ရမယ်လို့ ပြောကြားခဲ့ပါတယ်။
“တိုက်ခိုက်ရေး ပြိုင်ပွဲတိုင်းဟာ လူအချင်းချင်း တကယ်တိုက်ကြခိုက်ကြရာကနေ အရင်းပြု ဖြစ်ပေါ်လာတယ်ဆိုတာ ငြင်းစရာမရှိပါဘူး။ ဒါပေမယ့် အားကစားဆိုတာကြတော့ ဒါကို အဆင့်အတန်းရှိရှိ သရုပ်ဖော်ပြတာပါ။ သတ်ရဖြတ်ရမယ့်ဂိမ်းတွေကတော့ ကျနော်တို့ အိုလံပစ်စံနှုန်းတွေနဲ့ ဘယ်လိုမှ ကိုက်ညီမှာမဟုတ်ပါဘူး” လို့ Bach က ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လတုန်းက အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်၊ ရှော့ပင်း စင်တာတခုမှာ ပြုလုပ်ခဲ့တဲ့ ဗီဒီယိုဂိမ်းပြိုင်ပွဲတခုမှာ ပြိုင်ဘက်ကစားသမားတဦးရဲ့ ပစ်ခတ်မှုကြောင့် ပရော်ဖက်ရှင်နယ် ဂိမ်းကစားသူ ၂ယောက် သေဆုံးပြီး၊ လူ ၁၀ ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့ ဖြစ်ရပ်တခု ဖြစ်ပွားခဲ့ပါသေးတယ်။
Ref: Independent, BBC