Battle Royale ဂိမ်းတွေထဲမှာ နာမည်အကြီးဆုံးဂိမ်းတခုဖြစ်တဲ့ PlayerUnknown’s Battlegrounds ဟာ Xbox One မှာ Game Preview ကနေ Full Version အဖြစ် စက်တင်ဘာလ ၄ ရက်နေ့က တရားဝင်ထွက်ရှိလာပြီ ဖြစ်ပါတယ်။
Xbox Australia ဟာ PUBG 1.0 တရားဝင်ထွက်ရှိလာတဲ့အထိမ်းအမှတ်အဖြစ် ဆီစွန်းပေမှုမရှိတဲ့ Limited Edition Xbox လက်ကိုင်ခလုတ်ကို ယနေ့ စတင်မိတ်ဆက်လိုက်ပါတယ်။ The Greaseproof 1.0 လို့ အမည်ပေးထားပြီး အဓိကထူးခြားချက်ကတော့ ခလုတ်မှာ ဆီတွေမပေအောင် အထူးဆေးအလွှာတခု သုတ်ပေးထားတာပါ။
PUBG မှာ အနိုင်ရရင် Winner winner chicken dinner စားရတာကို ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ ဂိမ်းဆော့ရင်း တကယ့်ကြက်ကြော်တွေ၊ မုန့်တွေ စားတတ်တဲ့ Gamer တွေအတွက်လည်း အမှန်တကယ် အသုံးဝင်မှာပါ။
ခလုတ်ကိုယ်ထည်ကို ဆီမပေအောင်၊ ဆီမစိမ့်ဝင်အောင်လို့ ယူရီသိန်း (urethane) ဆေးအသုံးပြုကာ လက်နဲ့ အသေအချာ စပရေးဖြန်းထားတယ်လို့ သိရပါတယ်။ ဆီမပေတဲ့အပြင် ပွန်းရာခြစ်ရာနဲ့ ရေဖိတ်စင်မှုတို့ကိုလည်း ခံနိုင်ရည်ရှိမယ်လို့ Xbox က ပြောထားပါတယ်။ ရေထဲတော့ နှစ်လို့ရမှာ မဟုတ်ပါဘူး။
Greaseproof လက်ကိုင်ခလုတ်ကို အလုံးရေ ၂၀၀ သာ ထုတ်လုပ်ရောင်းချသွားဖို့ ရှိပြီး၊ ခလုတ်တခုချင်းစီမှာလည်း အလုံးရေနံပါတ်ထိုးပေးထားမှာ ဖြစ်ပါတယ်။ လောလောဆယ် Xbox Australia ရဲ့ Facebook စာမျက်နှာမှာ ဒီခလုတ် ၁၀ ခုကို မဲဖောက်ပေးလျက်ရှိပါတယ်။
Ref: Mashable, Gamespot