Nokia ဖုန်းထုတ်လုပ်သူ HMD အနေနဲ့ ကင်မရာဆန်ဆာတွေ အပြိုင်အဆိုင်ထည့်နေတဲ့ လက်ရှိစမတ်ဖုန်းဈေးကွက်ထဲကို ကင်မရာ ၅ လုံးအထိ ပါဝင်တဲ့ ဖုန်းနဲ့ ဦးဆောင်ဖို့ ကြိုးစားနေပုံရပါတယ်။
အွန်လိုင်းပေါ်ကို ပေါက်ကြားလာတဲ့ ဒီဇိုင်းဓာတ်ပုံတွေနဲ့ ဖုန်းဓာတ်ပုံတွေမှာ Nokia အမှတ်တံဆိပ်ကပ်ထားတဲ့ ဖုန်းတလုံး ကို တွေ့မြင်ရပြီး ဖုန်းနောက်ကျောဘက်မှာတော့ ကင်မရာ Lens ၅ လုံးအထိ ပါနေတာ တွေ့ရပါတယ်။ ယခုနှစ် အစောပိုင်းတုန်းက Nokia ဟာ ကင်မရာ ၅ လုံးတွဲနဲ့ Nokia 10 ဖုန်းကို ထုတ်မယ်လို့ သတင်းတွေ ထွက်ဖူးတာကြောင့် အခုဖုန်းဟာ Nokia 10 များ ဖြစ်နေမလားဆိုတာ စိတ်ဝင်စားစရာပါ။
အဝိုင်းပုံစံ တပ်ထားတဲ့ ကင်မရာ ၅ လုံးရဲ့ အလယ်တည့်တည့်မှာ နာမည်ကြီး ကင်မရာ Lens ထုတ်လုပ်သူ Zeiss ရဲ့ အမှတ်တံဆိပ်ကိုလည်း တွေ့မြင်နိုင်ပါတယ်။
Nokia ဖုန်းတွေ ပြန်ထုတ်နေတဲ့ HMD Global ကုမ္ပဏီဟာ လွန်ခဲ့တဲ့နှစ်တုန်းကလည်း Zeiss နဲ့ ပူးပေါင်းပြီး နောက်ဆုံး ထွက် Nokia Android ဖုန်းတွေမှာ Zeiss lens တွေ အသုံးပြုခဲ့တာလည်း ရှိတာကြောင့် အခုဓာတ်ပုံက ယုံကြည်ချင်စရာ ရှိပါတယ်။ ဒါ့အပြင် Zeiss ဟာ အခု ကင်မရာပုံစံနဲ့ ဆင်တူတဲ့ အသေးစား ကင်မရာ Zoom စနစ်တမျိုးကို မူပိုင်ခွင့် တင်ထားတာလည်း ရှိပါတယ်။
Nokia နည်းတူ LG ကုမ္ပဏီကလည်း အနောက်ကင်မရာ ၃ လုံး၊ ရှေ့ကင်မရာ ၂ လုံး စုစုပေါင်း ကင်မရာ ၅ လုံးကို နောက်ထပ် Flagship ဖုန်းမှာ သုံးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ Nokia ရဲ့ ကင်မရာ ၅ လုံးဖုန်းသာ အမှန်တကယ် ထွက်ရှိလာရင်တော့ ဒီကင်မရာတွေက ဘယ်လိုအလုပ်လုပ်မလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။
Ref: The Verge