တရုတ်နိုင်ငံရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ပြီး Alibaba ပူးတွဲတည်ထောင်သူလည်းဖြစ်တဲ့ Jack Ma ဟာ ရှေ့တပတ်ထဲမှာ ကုမ္ပဏီကနေ အနားယူတော့မှာဖြစ်ပါတယ်။ Jack Ma ဟာ ပရဟိတ လုပ်ငန်းတွေကို အာရုံစိုက် လုပ်ဆောင်ချင်တဲ့အတွက် အနားယူမှာဖြစ်တယ်လို့ သိရပါတယ်။
Jack Ma ဟာ Alibaba ကို ၁၉၉၉ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး၊ ကုမ္ပဏီဟာ ယခုအခါ တန်ကြေး ကန်ဒေါ်လာ ၄၂၀ ဘီလီယံ အထိ ရှိတဲ့ ကုမ္ပဏီကြီးတခု ဖြစ်နေပါပြီ။ Alibaba ဟာ တရုတ် နိုင်ငံသားတွေရဲ့ ဈေးဝယ်ယူမှုနဲ့ ငွေပေးချေမှုပုံစံတို့ကို ပြောင်းလဲပစ်နိုင်ခဲ့တဲ့ ကုမ္ပဏီတခု ဆိုရင်လည်း မမှားပါဘူး။
Jack Ma ဟာ Alibaba မှာ လက်ရှိ ရှယ်ယာ ၆ ဒဿမ ၄ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပြီး၊ စုစုပေါင်း ကြွယ်ဝမှုတန်ဖိုး ကန်ဒေါ်လာ ဘီလီယံ ၄၀ အထိ ရှိပါတယ်။
တနင်္လာနေ့မှာ အသက် ၅၄ နှစ်ပြည့်ခဲ့တဲ့ Mr. Ma က အနားယူပြီးနောက်မှာ သု့ရဲ့ အချိန်နဲ့ စည်းစိမ်ဥစ္စာတွေကို ပရဟိတလုပ်ငန်းဘက်မှာ အာရုံစိုက်လုပ်ဆောင်သွားမှာဖြစ်ပြီး၊ သူ့နာမည်နဲ့ ပညာရေးဖောင်ဒေးရှင်းတခုလည်း တည်ထောင်မှာဖြစ်တယ်လို့ Bloomberg TV နဲ့ အင်တာဗျူးမှာ ပြောကြားသွားခဲ့ပါတယ်။ Mr. Ma ဟာ Alibaba မတည်ထောင်ခင်က အင်္ဂလိပ်စာ ဆရာတယောက် ဖြစ်ပါတယ်။
“Bill Gates ဆီကနေ သင်ယူစရာတွေ အများကြီးရှိပါတယ်။ သူ့လောက်တော့ ကျနော် ဘယ်တော့မှ ချမ်းသာနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် သူ့ထက်သာတာ တခုက ကျနော်က ပိုစောစော အနားယူနိုင်တာပါ” လို့ Mr. Ma က ဆိုပါတယ်။
“ သိပ်မကြာခင် တနေ့နေ့မှာ ကျနော်စာပြန်သင်ဖြစ်မှာပါ။ Alibaba CEO လုပ်ရတာထက်စာရင် စာသင်ရတာမှာ ကျနော် ပိုတော်တယ်လို့ ထင်ပါတယ်။”
စာသင်ရတာ ပျော်မွေ့တဲ့ Mr. Ma ရဲ့ မွေးနေ့ဟာ တရုတ်နိုင်ငံရဲ့ ဆရာများနေ့လည်း ဖြစ်ပါတယ်။ အနားယူလိုက်ပေမယ့် Mr. Ma ဟာ Alibaba မှာ ဒါရိုက်တာ ဘုတ်အဖွဲ့ဝင်တဦးအဖြစ် ဆက်ရှိနေမှာဖြစ်ပြီး၊ ကုမ္ပဏီရဲ့ စီမံခန့်ခွဲမှုကို အကြံပေးလမ်းညွှန်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
ဆက်စပ်ဖတ်ရှုရန် – အလီဘာဘာက မြန်မာဈေးကွက်ကို ဝင်သလား
Alibaba သူဌေးဂျက်မ အွန်လိုင်းမှ ထိုင်းဒူးရင်းသီး ၈သောင်းကို တမိနစ်အတွင်း ရောင်းပြ
Ref: Bloomberg, The New York Times