Apple ပရိတ်သတ်တွေ တနှစ်မှာတခါ ရင်ခုန်ရမယ့် အချိန်ကတော့ သိပ်မလိုတော့ပါဘူး။ Apple ဟာ စက်တင်ဘာ ၁၂ ရက်နေ့၊ ဗုဒ္ဓဟူးနေ့ည မြန်မာစံတော်ချိန် ၁၁ နာရီ ၃၀ မိနစ်မှာ ၂၀၁၈ ခုနှစ်ရဲ့ iPhone မော်ဒယ်အသစ်တွေကို မိတ်ဆက်တော့မှာပါ။
ဒါပေမယ့် အဆိုပါပွဲမှာ iPhone တမျိုးတည်း မိတ်ဆက်သွားမှာမဟုတ်ပါဘူး။ နောက်ထပ် Product အသစ် ၅ မျိုးကိုလည်း မိတ်ဆက်သွားဖို့ ရှိတယ်လို့ ခန့်မှန်းထားကြပါတယ်။ Apple ပွဲမှာ တွေ့မြင်ရနိုင်ဖွယ် ရှိတဲ့ Product တွေကတော့
(၁) iPhone အသစ်များ
အားလုံးသိပြီးသလောက်ဖြစ်မှာပါ။ Apple ဟာ ဒီပွဲမှာ ထူးထူးခြားခြား iPhone မော်ဒယ်တခုတည်း မဟုတ်ဘဲ ၃ ခုအထိ မိတ်ဆက်ဖို့ ရှိနေပါတယ်။ ပထမဆုံး မော်ဒယ်ကတော့ iPhone XS ပါ။ မနှစ်ကထွက်ထားတဲ့ iPhone X အတိုင်း Notch ၊ ဘောင်မပါဝင်တဲ့ 5.8-inch OLED မျက်နှာပြင်တို့နဲ့ ပြန်မိတ်ဆက်မှာဖြစ်ပြီး၊ အဓိက အတွင်းပိုင်း Specs တွေကိုပဲ အဆင့်မြှင့်တင်ဖို့ ရှိပါတယ်။
XS ထက် စခရင်ပိုကြီးမယ့် 6.5-inch OLED Display နဲ့ မော်ဒယ်ကိုတော့ iPhone XS Max လို့ နာမည်ပေးသွားဖွယ် ရှိတယ်လို့ သတင်းတွေ ထွက်နေပါတယ်။ အရင်လို XS Plus လို့ မပေးတော့ဘဲ Max လို့ ပေးမယ့် သဘောပါ။ စခရင်ကြီးတာကြောင့် ဘက်ထရီလည်း ပိုကြီးမယ့် မော်ဒယ် ဖြစ်ပါတယ်။ ဘာမှ မထူးခြားဘူးဆိုပြီး စိတ်မပျက်သွားပါနဲ့။ Apple ဟာ အရင်က -S မော်ဒယ်တွေမှာ feature အသစ်တွေ စတင် မိတ်ဆက်ခဲ့လေ့ရှိတဲ့အတိုင်း အခု iPhone XS မော်ဒယ်တွေမှာလည်း သီးသန့် Feature အသစ်တချို့ ပါဝင်လာနိုင်ခြေ ရှိပါတယ်။
တတိယမြောက် iPhone မော်ဒယ်ကတော့ အားလုံးကို ဖမ်းစားမယ့် မော်ဒယ်ပါ။ ထူးခြားတာတွေ ပါလို့ မဟုတ်ဘဲ ပုံမှန် iPhone ဈေးတွေထက် ပိုသက်သာမယ့် ဈေးနဲ့ ထွက်လာမယ်ဆိုလို့ပါ။ သတင်းထွက်နေသလောက်ကတော့ ဒီဖုန်းမှာ OLED အစား 6.1-inch LCD Display ကို အသုံးပြုသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဘောင်မဲ့ဒီဇိုင်းနဲ့ပါပဲ။ ဒီမော်ဒယ်ကိုတော့ နာမည် ဘယ်လိုပေးမလဲဆိုတာ သတင်းတခုမှ မထွက်ထားတဲ့အတွက် စိတ်ဝင်စားဖို့အကောင်းဆုံး iPhone မော်ဒယ်အသစ် ဖြစ်ပါတယ်။
(၂) Apple Watch Series 4
အားလုံးက iPhone အသစ်တွေကိုပဲ စိတ်ဝင်စားနေတဲ့အချိန်မှာ Apple ဟာ ၂၀၁၅ လောက်ထဲက စတင်ထွက်ရှိခဲ့ပြီး ဒီဇိုင်းပြောင်းလဲမှုသိပ်မရှိခဲ့တဲ့ Apple Watch ကို ဒီနှစ်မှာ ဒီဇိုင်းအကြီးအကျယ် ပြောင်းလဲဖို့ ရှိနေပါတယ်။
အွန်လိုင်းပေါ် ပေါက်ကြားလာတဲ့ဓာတ်ပုံမှာတော့ ဘေးဘက်ကွေးနေတဲ့ Edge-to-edge ဒီဇိုင်းနဲ့ တွေ့မြင်ရပြီး၊ Display လည်း ပိုကြီးလာပါတယ်။ အရင်မော်ဒယ်တွေထက် ပိုသေးသွယ်မယ့် သဘော ရှိပါတယ်။ Display ပိုကြီးလာတာကြောင့် နာရီဒိုင်ခွက်ပုံစံအသစ်တွေကို မိတ်ဆက်နိုင်ပါတယ်။ ဒါ့အပြင် Series 4 မှာ LTE မော်ဒယ်လည်း ပါလာဦးမှာဖြစ်ပါတယ်။ သေချာတာတခုကတော့ လေ့ကျင့်ခန်းလုပ်တာကို အလိုအလျောက်သိရှိနိုင်တဲ့ စွမ်းဆောင်ရည်၊ walkie-talkie mode တို့ ပါလာမယ့် watchOS 5 နဲ့ ထွက်လာမှာပါ။
(၃) AirPower, AirPods နဲ့ ဆက်စပ်ပစ္စည်းများ
Apple ဟာ မနှစ်ကပွဲမှာ Device သုံးခုကို တပြိုင်နက် ကြိုးမဲ့အားသွင်းပေးနိုင်တဲ့ AirPower charging pad ကို မိတ်ဆက်ကြေညာခဲ့ပေမယ့် အခုအချိန်ထိ ဈေးကွက်တွင်း ထွက်ရှိမလာသေးတာ တွေ့ရပါတယ်။ ဒီပွဲဟာ AirPower တနှစ်ပြည့်ပွဲလို့လည်း ဆိုနိုင်ပါတယ်။ AirPower ပေါ်မှာ iPhone ၊ Apple Watchနဲ့ AirPods ကြိုးမဲ့နားကြပ်တွေကို တပြိုင်တည်း အားသွင်းနိုင်မှာဖြစ်ပါတယ်။ ဒီနှစ်ပွဲမှာတော့ AirPower အကြောင်း ပိုမိုသိရှိနိုင်ဖို့ မျှော်လင့်ရပါတယ်။
နောက်ထပ်မိတ်ဆက်ဖို့ ရှိတာတွေကတော့ Wireless Chip အသစ်ပါလာမယ့် AirPod ကြိုးမဲ့နားကြပ် မော်ဒယ်အသစ်၊ AirPower ပေါ်တင်ပြီး အားသွင်းဖို့အတွက် ကြိုးမဲ့အားသွင်းလို့ရတဲ့ နားကြပ်ဘူးတို့ ဖြစ်ပါတယ်။ ဒါ့အပြင် Apple ဟာ iPhone ဝယ်ရင် တခါတည်းထည့်ပေးနေကျ 5W USB Charger ကို အားအမြန်သွင်းစနစ်သုံးနိုင်တဲ့ 19W USB-C အားသွင်းတုံးနဲ့ ပြောင်းလဲ ထည့်ပေးဖို့ ရှိတယ်လို့ သိရပါတယ်။
USB-C to Lightning ကေဘယ်လ်ကြိုးပါ တခါတည်းပါမှာဖြစ်တဲ့အတွက် Fast Charging သုံးရဖို့ သပ်သပ် ထပ်ဝယ်စရာလိုမှာ မဟုတ်တော့ပါဘူး။
(၄) iOS 12 ၊ macOS Mojave နဲ့ တခြား Softwar Update များ
ဒီပွဲရဲ့ နောက်ထပ်မင်းသားကတော့ Apple software အသစ်တွေဖြစ်တဲ့ iOS 12 ၊ watchOS 5 ၊ tvOS အသစ်တို့ ဖြစ်ပါတယ်။ macOS Mojave ကို ဒီပွဲမှာ မိတ်ဆက်ဖို့တော့ မထင်ပါဘူး။ ပုံမှန်အတိုင်း နောက်ထပ် လုပ်မယ့် Mac ပွဲကျမှ တခါတည်း မိတ်ဆက်နိုင်ပါတယ်။ iOS 12 က Developer နဲ့ Public Beta တွေ ထွက်ပြီးတာကြောင့် ဘယ်နေ့အကုန်ရမလဲဆိုတာကိုပဲ စောင့်ကြည့်ရမှာပါ။
(၅) One More Thing
Apple keynote တွေမှာ နောက်ဆုံးမိနစ်ကျမှ အားလုံး အံ့အားသင့်အောင် မိတ်ဆက်တတ်တဲ့ Product အသစ်တွေ ပါလေ့ရှိပါတယ်။ နောက်ဆုံးမှာ ‘One more thing’ လို့ ပြောလိုက်ပြီဆိုတာနဲ့ ပါးစပ်အဟောင်းသားဖြစ်ဖို့ ပြင်ထားရပါမယ်။ ဘောင်မပါတဲ့ iPad Pro များ ထွက်လာမလား ဒါမှမဟုတ် Apple က လျစ်လျူရှုထားတဲ့ MacBook Air အသစ် ဒါမှမဟုတ် Mac Mini များ ထွက်လာမလားဆိုတာကိုတော့ ကျနော်တို့ အားလုံး အတူတူ စောင့်ကြည့်ရမှာဖြစ်ပါတယ်။
Ref: The Verge
ဆက်စပ် ဖတ်ရှုရန်
- ရင်ခုန်စွာနဲ့ စောင့်ကြည့်ရမယ့် “Apple Worldwide Developers Conference 2018”
- iPhones မော်ဒယ်အသစ်တွေကို အရောင် ၅ ရောင်အထိ ထုတ်ဖို့ရှိတဲ့ Apple