UK ရဲ့ လက်လီ အရောင်းကုမ္ပဏီတခု ဖြစ်တဲ့ Argos နဲ့ Google တို့ပူးပေါင်းပြီး “အသံနဲ့ ဈေးဝယ်ယူနိုင်တဲ့ စနစ်” ကို မိတ်ဆက်လိုက်ပါတယ်။
ဆိုင်မှာ ပစ္စည်းမထားဘဲ ပစ္စည်းစာရင်းနဲ့သာ အဓိကရောင်းချတဲ့ (catalogue retailer) Argos ကုမ္ပဏီဟာ Google Assistant ကနေ ပစ္စည်းရောင်းချပေးတဲ့ ပထမဆုံး UK လက်လီကုမ္ပဏီ အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
အသံနဲ့ ဈေးဝယ်ယူချင်သူတွေအနေနဲ့ Google Home စမတ်စပီကာ ဒါမှမဟုတ် ဖုန်းမှာပါတဲ့ Google Assistant ကို “OK Google, ask Argos,” လို့ ပြောကြားကာ Argos မှာရှိတဲ့ ပစ္စည်း ထောင်သောင်းချီကို မှာယူနိုင်မှာ ဖြစ်ပါတယ်။
မိမိဝယ်ယူချင်တဲ့ ပစ္စည်းက Google Assistant နဲ့ ဝယ်နိုင်တဲ့ပစ္စည်းစာရင်းထဲမှာ ပါဝင်ရဲ့လား ဆိုတာကိုတော့ ကတ်တလောက် ဒါမှမဟုတ် ကုမ္ပဏီ ဝဘ်ဆိုဒ်ကနေ အရင်ရှာကြည့်ရဦးမှာ ဖြစ်ပါတယ်။ ဝယ်ယူပြီးတဲ့ အခါမှာလည်း Argos ရဲ့ အပြင်စတိုးတခုခုကို သွားရောက်ပြီး ပစ္စည်း ထုတ်ယူရမှာပါ။
Argos က ယခု အသံနဲ့ဈေးဝယ်ယူနိုင်တဲ့ စနစ်ဟာ ကနဦးအဆင့်မှာပဲ ရှိသေးပြီး၊ ဈေးဝယ်သူတွေရဲ့ တုံ့ပြန်ချက်ကို နားထောင်ကာ စနစ်ပိုမိုကောင်းမွန်အောင် လုပ်ဆောင်သွားမှာလို့ ဆိုပါတယ်။
“အခု မိတ်ဆက်လိုက်တဲ့စနစ်က ကျနော်တို့ရဲ့ ပထမခြေလှမ်းပဲ ရှိပါသေးတယ်။ ချက်ချင်း အရောင်း ၂ ဆ တက်သွားဖို့ အထိ မမျှော်မှန်းထားပါဘူး။ ဒါပေမယ့် လူတွေအနေနဲ့ ဒီစနစ်ကို အမှန်တကယ် စမ်းသပ် အသုံးပြုကြည့်ဖို့တော့ မျှော်လင့်ထားပါတယ်” လို့ Argos ရဲ့ CEO ဖြစ်သူ John Rogers က ပြောကြားခဲ့ပါတယ်။
“အသံ အသုံးပြုနည်းပညာဟာ အနာဂတ်တချိန်မှာ ကျနော်တို့ရဲ့ ဈေးဝယ်ယူတဲ့ ပုံစံကို မြေလှန် ပြောင်းပစ်နိုင်စွမ်း ရှိပါတယ်” လို့ Rogers က ဆိုပါတယ်။
အသံနဲ့ ဈေးဝယ်ယူနိုင်တဲ့ စနစ်ကို UK မှာ ၂၀၁၆ ခုနှစ်က စတင်မိတ်ဆက်ခဲ့ပါတယ်။ Amazon ရဲ့ Echo စမတ်စပီကာ ကနေ Alexa အသုံးပြုပြီး Just Eat နဲ့ Domino ဆိုင်တွေကနေ အစားအသောက် မှာနိုင်တဲ့ စနစ်ပါ။ Amazon ရဲ့ ပြိုင်ဘက် ကုမ္ပဏီနှစ်ခုဖြစ်တဲ့ Google နဲ့ Argos တို့ ပူးပေါင်း မိတ်ဆက်လိုက်တဲ့ ယခု “voice shopping” ကတော့ ပစ္စည်းအမျိုးအစား ထောင်ပေါင်းများစွာကို အသံနဲ့တင် ဝယ်ယူနိုင်မယ့် စနစ် ဖြစ်ပါတယ်။
Ref: Mashable, BBC