IT

အာရှတိုက်ရဲ့ ပထမဆုံး Facebook ဒေတာစင်တာကို စင်ကာပူမှာ ဆောက်လုပ်မည်

Facebook ဟာ အာရှတိုက်အတွင်း ပထမဆုံးဒေတာစင်တာကို စင်ကာပူနိုင်ငံမှာ တည်ဆောက်သွားမယ့် အစီအစဉ်ကို စက်တင်ဘာ ၆ ရက်နေ့က ကြေညာခဲ့ပါတယ်။

အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ( စင်ကာပူဒေါ်လာ ၁.၄ ဘီလီယံ ) အကုန်အကျခံ တည်ဆောက်သွားမှာဖြစ်ပြီး၊ ၁၀၀ ရာခိုင်နှုန်း နေရောင်ခြည်စွမ်းအင်နဲ့ လည်ပတ်မယ့် အဆောက်အဦဖြစ်တယ်လို့ Facebook က ပြောကြားခဲ့ပါတယ်။ စတုရန်းမီတာ ၁၇၀,၀၀၀ ကျယ်ဝန်းမယ့် လေးထောင့်ပုံစံ အဆောက်အဦကြီးကို လေးနှစ်အတွင်း အပြီးတည်ဆောက်သွား မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

Facebook ဟာ ရုံးချုပ်အခြေစိုက်ရာ အမေရိကန်ပြည်ထောင်စုမှာ လက်ရှိ ဒေတာစင်တာပေါင်း အနည်းဆုံး ၆ ခုအထိ ဆောက်လုပ်ပြီးဖြစ်ပါတယ်။ နိုင်ငံရပ်ခြားဒေတာစင်တာအဖြစ် ဆွီဒင်နဲ့ အိုင်ယာလန်တို့မှာ စင်တာ ၁ ခုစီရှိပြီး၊ ဒိန်းမတ်မှာ လည်း နောက်ထပ်ဒေတာစင်တာတခုကို တည်ဆောက်လျက်ရှိပါတယ်။

စင်ကာပူမှာ ဆောက်လုပ်မယ့် ဒေတာစင်တာကို သုံးရေ၊ စွမ်းအင်နဲ့ မြေနေရာအသုံးပြုမှု နည်းပါးအောင် အဆင့်မြင့် နည်းပညာအသစ်တွေနဲ့ အုတ်မြစ်ချတည်ဆောက်မှာဖြစ်ပါတယ်။ အဆောက်အဦရဲ့ ရှေ့ဘက်မျက်နှာစာကို အပေါက်ဖောက်ထားတဲ့ သတ္တုပါးတမျိုးနဲ့ဖုံးအုပ်ထားမှာဖြစ်ပြီး၊ လေဝင်လေထွက်ကောင်းမွန်ကာ အဆောက်အဦ အတွင်းက အဆင့်မြင့်စက်ပစ္စည်းတွေကို အပြင်ကနေ လှမ်းမြင်နေရမှာဖြစ်တယ်လို့ သိရပါတယ်။

အာရှတိုက်ရဲ့ ပထမဆုံးဒေတာစင်တာကို စင်ကာပူမှာ တည်ဆောက်ဖို့ ရွေးချယ်ဖြစ်ခဲ့တာကတော့ စင်ကာပူနိုင်ငံဟာ အခြေခံအဆောက်အဦပြည့်စုံပြီး ကျွမ်းကျင်အလုပ်သမားအင်အားကောင်းကောင်း ရှိတာကြောင့် ဖြစ်တယ်လို့ Facebook က ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် စင်ကာပူဟာ အဆောက်အဦတည်ဆောက်ဖို့ ပါမစ်ယူရတာက အစ ပိုမိုလွယ်ကူပြီး၊ စီးပွားရေးလုပ်ငန်းတွေအတွက် ကောင်းမွန်တဲ့ပေါ်လစီတွေကို ချမှတ်ပေးထားနိုင်တာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

Ref: Business Insider, Facebook

Loading