IT

iPhone အသစ်တွေမှာ SIM နှစ်ကတ်ထိုးနိုင်မှာဖြစ်ကြောင်း တရုတ်ဆက်သွယ်ရေးကုမ္ပဏီနှစ်ခု အတည်ပြု

iPhone မော်ဒယ်အသစ်တွေကို မြင်တွေ့ရဖို့ အချိန် တရက်ပဲ လိုတော့ပေမယ့် စိတ်လှုပ်ရှားစရာကောင်းတဲ့ သတင်းတခု ထပ်မံထွက်ပေါ်လာပါတယ်။

တရုတ်ပြည်တွင်းက ဆက်သွယ်ရေးကုမ္ပဏီနှစ်ခုဖြစ်တဲ့ China Telecom နဲ့ China Mobile တို့ရဲ့ Facebook တွေမှာ SIM နှစ်ကတ် သုံးနိုင်မယ့် iPhone အသစ်တွေအကြောင်း ကြော်ငြာပုံတွေ တင်ထားတာပါ။ ကုမ္ပဏီနှစ်ခုလုံးက တရုတ်အစိုးရပိုင် ဆက်သွယ်ရေးကုမ္ပဏီတွေဖြစ်တာကြောင့် ဒီဓာတ်ပုံတွေက ယုံကြည်စိတ်ချရလောက်ပါတယ်။

ပထမဆုံး China Mobile ရဲ့ Facebook စာမျက်နှာမှာ တင်ထားတဲ့ပုံကို ကြည့်မယ်ဆိုရင် Apple ရဲ့ အမှတ်တံဆိပ် တခုဖြစ်တဲ့ ပန်းသီးပုံကို တွေ့မြင်ရပြီး၊ ပန်းသီးမှာ SIM ကတ် နှစ်ကတ် ထိုးစိုက်ထားတာကို မြင်တွေ့ရပါတယ်။ ပုံမှာ ရေးသားထားတဲ့ စာမှာတော့ “ SIM နှစ်ကတ်နဲ့ ပန်းသီးအသစ်” လို့ အရိပ်အမြွက်လောက်ပဲ ရေးသားထားပေမယ့် ဘာကို ဆိုလိုလဲဆိုတာ အားလုံးသိကြမှာပါ။

China Telecom ကတော့ ရှင်းရှင်းလင်းလင်းပဲ iPhone ဒီဇိုင်းပုံမှာ SIM ကတ်နှစ်ကတ်ထည့်ထားတဲ့ SIM tray နဲ့ SIM slot တို့ကို အဓိကဖော်ပြထားပြီး၊ “ iPhone အသစ် ထွက်လာတော့မယ်၊ Dual SIM လည်း သုံးနိုင်မှာတဲ့၊ မင်းကို စောင့်နေတာကြာပေါ့” လို့ တရုတ်လို ရေးသားထားပါတယ်။

ဒီပုံတွေအတိုင်းဆိုရင်တော့ မနက်ဖြန်မိတ်ဆက်မယ့် iPhone မော်ဒယ်အသစ်တွေမှာ Dual SIM Support ပါလာဖို့ သေချာသလောက်နီးပါး ဖြစ်နေပါပြီ။ ဒါပေမယ့် အခုဖော်ပြထားတဲ့ တယ်လီကွန်းကုမ္ပဏီနှစ်ခုလုံးဟာ တရုတ်ပြည်တွင်းက ကုမ္ပဏီတွေဖြစ်တာကြောင့် Dual SIM iPhone ဟာ တရုတ်ပြည်တွင်း သီးသန့် ဖြစ်ဖို့လည်း ရှိပါတယ်။

တရုတ်ပြည်တွင်းမှာ iPhone ရောင်းအားကျဆင်းလျက်ရှိနေတာကြောင့်လည်း ရောင်းအားပြန်မြှင့်ဖို့အတွက် Dual SIM iPhone ကို ထုတ်ပေးတာဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် SIM နှစ်ကတ် သုံးရတာ ပိုနှစ်သက်ကြတဲ့ အာရှဈေးကွက် အတွက်လည်း ဖြစ်နိုင်ပါတယ်။

Android ဖုန်းတွေမှာ SIM နှစ်ကတ်အသုံးပြုနိုင်တာ တော်တော်ကြာပြီဖြစ်ပေမယ့်၊ iPhone တွေမှာတော့ လက်ရှိအချိန်ထိ SIM တကတ်ပဲ အသုံးပြုနိုင်ပါသေးတယ်။ Dual SIM iPhone အမှန်တကယ် ထွက်ရှိလာရင်တော့ ပထမဆုံး SIM နှစ်ကတ် ထည့်နိုင်တဲ့ iPhone အဖြစ် မှတ်တမ်းဝင်သွားမှာပါ။

Ref: The Verge, GSM Arena

Loading