3D Printing ဆိုတာနဲ့ ကျနော်တို့ မျက်လုံးထဲမှာ Desktop ပုံး ပုံစံ 3D Printer တွေနဲ့ ထုတ်ထားတဲ့ ပလတ်စတစ် ပစ္စည်း၊ အစိတ်အပိုင်းတွေပဲ ပြေးမြင်မိမှာပါ။ ဒါပေမယ့် ကွန်ပျူတာပစ္စည်းနဲ့ ပရင်တာတွေ ထုတ်လုပ်ရောင်းချလျက်ရှိတဲ့ HP ကုမ္ပဏီဟာ ပလတ်စတစ်မဟုတ်ဘဲ စတီးသတ္တုကို အသုံးပြုပြီး ပစ္စည်းအစိတ်အပိုင်းတွေ ထုတ်လုပ်နိုင်တဲ့ 3D Printer တလုံးကို တင်္နလာနေ့က စတင်မိတ်ဆက်ခဲ့ပါတယ်။
Metal Jet ပရင်တာလို့ နာမည်ပေးထားတဲ့ HP ရဲ့ စက်မှုလုပ်ငန်းသုံး 3D Printer ဟာ ကုမ္ပဏီရဲ့ ပထမဆုံး သတ္တု အသုံးပြု 3D Printer လည်း ဖြစ်ပါတယ်။
လက်ရှိမှာ ပလတ်စတစ်အသုံးပြု 3D Printing နည်းပညာကို ခြေတုလက်တုတွေ၊ အကြားအာရုံချို့တဲ့သူတွေအတွက် အကူနားကြပ်တွေလိုမျိုး သီးသန့်ဒီဇိုင်းနဲ့ပစ္စည်းတွေ ထုတ်လုပ်ရာမှာ အဓိက အသုံးပြုလျက်ရှိပါတယ်။
ထုတ်ကုန်ပစ္စည်းဒီဇိုင်နာတွေအနေနဲ့ သူတို့ရဲ့ ပစ္စည်းဒီဇိုင်းတွေကို အစမ်းမော်ဒယ်ထုတ်လုပ်ရာမှာ အသုံးပြုလေ့ ရှိပါတယ်။ ဒါပေမယ့် နယ်ပယ်အရမ်းနည်းသေးတဲ့အပြင် ပစ္စည်းအမြောက်အများထုတ်လုပ်နိုင်တဲ့ နည်းစနစ်တွေနဲ့ ယှဉ်မယ်ဆိုရင်လည်း 3D Printing ဟာ နှေးကွေးပြီး၊ ဈေးနှုန်းလည်း ပိုမိုကြီးမြင့်ပါတယ်။ ဒါ့အပြင် အသုံးပြုနိုင်တဲ့ ပစ္စည်းအမျိုးအစားကလည်း အကန့်အသတ်ရှိနေပါတယ်။
HP ဟာ ဒါကို ပြောင်းလဲဖို့ ကြိုးစားလျက်ရှိပြီး၊ ၂၀၁၆ ခုနှစ်မှာ ပစ္စည်းတခုချင်းထုတ်မယ့်အစား ပစ္စည်းအမြောက်အများ ထုတ်လုပ်နိုင်တဲ့ Jet Fusion ပလတ်စတစ် 3D Printer ကို စတင်မိတ်ဆက်ခဲ့ပါတယ်။ အခုအခါမှာတော့ Metal Jet ဆိုတဲ့ သတ္တု 3D Printer ကို ထပ်မံမိတ်ဆက်ပြီး ကားပစ္စည်းနဲ့ ဆေးဘက်ဆိုင်ရာသုံးပစ္စည်းထုတ်လုပ်မှု လုပ်ငန်းကြီးတွေမှာပါ ဝင်ရောက်ဖို့ ကြိုးပမ်းလိုက်ပြီ ဖြစ်ပါတယ်။
HP ဟာ ကျန်းမာရေးစောင့်ရှောက်မှုပစ္စည်းတွေ ထုတ်လုပ်တဲ့ Parmatech ကုမ္ပဏီ၊ မော်တော်ယာဉ်နဲ့ လေယာဉ်အစိတ် အပိုင်းတွေ ထုတ်လုပ်တဲ့ GKN ကုမ္ပဏီတို့နဲ့လည်း ပူးပေါင်းပြီး ဖြစ်ပါတယ်။ အဆိုပါကုမ္ပဏီတွေဟာ သူတို့ရဲ့ ဖောက်သည်ကုမ္ပဏီတွေဖြစ်တဲ့ Volkswagen အပါအဝင် နာမည်ကြီးမော်တော်ကားကုမ္ပဏီတွေနဲ့ တဖန်ပြန်လည် လက်တွဲကာ 3D Print ထုတ်ထားတဲ့ သတ္တုအစိတ်အပိုင်းတွေကို စမ်းသပ်မှုတွေ လုပ်မှာဖြစ်ပါတယ်။
HP မိတ်ဆက်ကုမ္ပဏီတွေအနေနဲ့ယခု Metal Jet ပရင်တာကို ဒီနှစ်အတွင်း စတင်အသုံးပြုနိုင်မှာဖြစ်ပြီး၊ တခြားဝယ်ယူချင် သူတွေကတော့ ၂၀၂၀ ခုနှစ်အထိ စောင့်ပေးရမှာပါ။
လက်ရှိအချိန်မှာတော့ Metal Jet ပရင်တာနဲ့ ထုတ်မယ့် ပစ္စည်းတော်တော်များများက ဝယ်ယူသူစိတ်ကြိုက် ဒီဇိုင်းထွင်း ထားတဲ့ ရီမုတ်ကားသော့တွေလို ပစ္စည်းအသေးစားတွေပဲ ရှိဦးမှာပါ။ 3D Print ထုတ်ထားတဲ့ သတ္တုအစိတ်အပိုင်းတွေနဲ့ ချည်း ထုတ်လုပ်ထားတဲ့ မော်တော်ကားတစီးကို ဝယ်ယူနိုင်ဖို့ကတော့ နှစ်အတန်ငယ် ကြာဦးမှာဖြစ်ပါတယ်။
ဒါပေမယ့် HP ရဲ့ 3D Metals အကြီးအကဲဖြစ်သူ Tim Weber က 3D Printing ဟာ တချို့ပစ္စည်းအစိတ်အပိုင်း တွေအတွက် ထုတ်လုပ်မှုကုန်ကျစရိတ်တွေကို လျော့ချပေးနိုင်မှာ ဖြစ်ပြီး၊ ကုမ္ပဏီတွေအနေနဲ့ ပစ္စည်းအသစ်အဆန်း တွေကို ပိုမိုမြန်ဆန်စွာ ထုတ်လုပ်ဖန်တီးနိုင်လာမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
HP ရဲ့ Metal Jet ပရင်တာဟာ အဝတ်လျှော်စက်အရွယ်အစားလောက်ရှိတဲ့ ဓာတ်ပုံကူးစက်နဲ့ ဆင်တူပါတယ်။ သတ္တုအမှုန့်တွေကို အလွှာလိုက် ခင်းပြီးနောက်မှ လိုအပ်တဲ့နေရာမှာ မာကျောသွားအောင်လို့ Binding agent အရည်နဲ့ ကပ်ပေးမှာဖြစ်ပါတယ်။ ကော်နဲ့ကပ်ထားတဲ့ သတ္တုအမှုန့်အဆင့်ပဲ ရှိသေးတဲ့ ဒီအစိတ်အပိုင်းတွေဟာ မာကျော တောင့်တင်းမှု မရှိသေးဘဲ လက်နဲ့တင် ပြန်ခြေမွနိုင်ပါတယ်။
ဒါကြောင့် အရည်အငွေ့ပျံပြီး သတ္တုမာကျောသွားစေရန်အတွက် အပူစွမ်းအင်တခါ ပြန်ပေးမှာဖြစ်ပါတယ်။ နောက်ဆုံး မှာတော့ ပေါ့ပါး၊ ချောမွေ့ပြီး၊ အသေးစိတ်ဒီဇိုင်းတွေ ပါဝင်တဲ့ သတ္တုအစိတ်အပိုင်းကို ရရှိမှာဖြစ်ပါတယ်။ HP Metal Jet ပရင်တာတလုံးကို ၂၀၂၀ ခုနှစ်မှာ ဒေါ်လာ ၄ သိန်းခန့်နဲ့ ရောင်းချသွားမှာဖြစ်ပါတယ်။
ဆက်စပ်ဖတ်ရှုရန် – အအေးပေးစနစ်ပါဝင်တဲ့ “Mindframe” နားကြပ်အသစ်ကို မိတ်ဆက်လိုက်တဲ့ HP
Ref: Wired, Engadget